Tuesday, July 30, 2013

(၇) နာရီကျော် ဖြစ်ခဲ့သော တိုက်ပွဲအပေါ် RCSS တို့သဘောထား

ဖြူဖြူကို

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် (၂၀၁၁) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ထို့အပြင် RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ၂၀၁၃ ခု နှစ်ဇွန်လ(၁၀) ရက်နေ့ တွင် နေပြည်တော်သို့ သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် သွားရောက် တွေ့ဆုံ နှုတ်ဆက် ခဲ့ပါသည်။

ဤကဲ့သို့ အပစ်အခတ် ရပ်စဲထားပြီး ဆက်ဆံရေး ကောင်းမွန် နေသည့် RCSS အပေါ်တွင် အစိုးရ တပ်များ၏ အကြိမ်ပေါင်း (၁၀၀) ခန့် တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။ RCSS သည် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို လိုလားသဖြင့် ငြိမ်းချမ်းရေး ဖြစ်စေသော လုပ်ရပ် မှန်သမျှ လိုက်လျှောသည့် အနေဖြင့် အစိုးရဖက်မှ မည်သို့ပင် တိုက်ခိုက်စေကာမူ အလျှော့ပေးပြီး အနစ်နာခံ ဆက်ဆံ လာခဲ့သည်ချည်း ဖြစ်သည်ဟု ဆိုပါသည်။

ထို့အပြင် အစိုးရ ရာဇသံကို နာခံပြီး တပ်ဆုတ်ပေးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပူးပေါင်း ဆောင်ရွက်ရန် လိုလား ခြင်း၊ တိုက်ပွဲ မဖြစ်ပွား စေရန် အတွက် လိုအပ်သော အချက်များကို တင်ပြပေးခြင်း တို့သည်လည်း ငြိမ်းချမ်းရေးကို ရှေ့ရှု သောအားဖြင့် မရမက ဆောင်ရွက် ပေးခဲ့သည်ဟု ဆိုပါသည်။

သို့သော် အစိုးရဖက်ကမူ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို မလိုက်နာခြင်း၊ အကောင်အထည်ဖေါ်မှု မရှိခြင်း၊ အကြိမ်တရာခန့် တမင် တိုက်ခိုက်ခြင်း တို့ဖြင့် တုန့်ပြန် ခဲ့ပါသည်။ သို့သော် RCSS သည် အပစ်အခတ် ရပ်စဲရေး မပျက်ပြား သွားစေရန် ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။

အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်ကမူ ၊ နောက်နောင် ဘယ်တော့မှ တိုက်ပွဲ မဖြစ်စေရပါဘူး။ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ လက်အောက်ခံ ပြသနာပါ၊ ငြိမ်းချမ်းမှုကို ပျက်စေလောက်သည့် ပြသနာ မဟုတ်ဘူး။ စသည့်စသည့် ဂတိ ပေါင်းများစွာ ပေးသော်လည်း တိုက်ခိုက်မှု များက ယနေ့အထိ ဖြစ်ရှိနေဆဲပါ။


သမ္မတ အမိန့်ကို တပ်ချုပ် မင်းအောင်လှိုင်မှ မနာခံ သလိုလို၊ ဦးအောင်မင်း ပြောသလို ကျနော်တို့မှာလည်း ခက်ပါတယ်၊ စသဖြင့်ပေါ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အပေါ် ငယ်နိုင်သဘောဖြင့် အမျိုးမျိုး လှည့်စားခဲ့သည် ချည်းဟု တိုင်းရင်းသားများက တသံတည်း ဖြေဆိုကြပါသည်။ နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ၏ အဖွဲ့ကိုကြည့်လိုက်ပါ။

တပ်ချုပ်မင်းအောင်လှိုင် ဘယ်နေရာ ရှိနေသလဲ။ သူရှိနေတဲ့ အဆင့် ကနေ သမ္မတ အမိန့်ကို မနာခံလို့ ဖြစ်မှာလား စဉ်းစားစရာဖြစ်ပါသည်။ http://www.president-office.gov.mm/issues/peace/id-3702

ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် အစိုးရသည် (သမ္မတ နှင့် စစ်တပ်) ပေါ်လစီ တခုအပေါ်တွင် တာဝန် ခွဲပြီး ကျင့်သုံးနေ ခြင်းသာဖြစ်ကြောင်း သိသာနိုင်သည်ဟု တွက်ဆ ရပါသည်။ အစိုးရသည် မိမိတို့ လိုအပ်သည့် ရည်မှန်းချက်ကို ရရှိလာရန် မည်သည့် အပစ်အခတ် ရပ်စဲရေး အဖွဲ့များကိုမဆို စစ်အင်အား သုံးသင့်က သုံးပြီး တိုက်ခိုက်ရာမှ ရရှိသည့် ရလာဒ်အပေါ် အခြား တဖက်တွင် သမ္မတသည် နိုင်ငံတကာသို့ လှည့်လည်ပြီး အမြတ်ထုတ် လေတော့သည်။ ဥရောပ ခရီးစဉ်နှင့် အမေရိ ကန်ခရီးစဉ်များကို ကြည့်ခြင်းအားဖြင့် သုံးသပ်နိုင်ပါသည်။

ဥပမာ ဇွန်လ (၁၀) ရက်နေ့တွင် RCSS ဥက္ကဌ သည် သမ္မတနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ဇူလိုင် (၂၄) ရက်နေ့တွင် RCSS အား (၇) နာရီကျော်ကြာမျှ တိုက်ခိုက် ခဲ့ပါသည်။ ဤမျှ ဆက်ဆံရေး ကောင်းမွန်သော RCSS အား မည်ကဲ့သို့ အမြစ်ပြတ် တိုက်ခိုက် နေသည်ကို တင်ပြလိုသဖြင့် RCSS ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်အား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

မေး။ ။ RCSS နဲ့အစိုးရတပ်တို့တိုက်ပွဲအပြင်းထန် ဖြစ်ပွားခဲ့တယ်လို့ ကြားတယ်အဲဒါဟုတ်ပါသလား။ဘယ်နေရာမှာ ဘယ်လိုဖြစ်ခဲ့ပါသလဲဆရာ?။
 
ဖြေ။ ။ ဟုတ်ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့က ကျောက်မဲမြို့နယ်နဲ့ ၁၀ မိုင်လောက်အကွာ ဟူးဆွန်ဘက်ကျေးရွာဖက် မှာ ဖြစ်ပွားခဲ့ပါတယ်။ လာတိုက်တဲ့ တပ်တွေကတော့ အစိုးရရဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေချ အမှတ်(၁) စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၁) နဲ့ (၅၀၂) တို့ကနေ ထုတ်နှုတ် ထားတဲ့ စစ်ကြောင်းတွေ ဖြစ်ပါ တယ်။ ကျနော်တို့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နမ့်ခမ်း ကျောက်မဲ မိုးမိတ်မြို့နယ်ရဲ့ တောတောင်တွေ ကြား မှာ လှုပ်ရှားနေတာပါ။ ဒီနေရာတွေ ကလည်း အပစ်အခတ် မရပ်စဲခင် ကတည်းက ရှိနေတဲ့ တပ်နေရာတွေပါ။ အပစ်အခတ် ရပ်စဲရေး လုပ်တော့လည်း တောထဲမှာပဲ နေကြတယ်။ အစိုးရတပ်တွေ ရှိတဲ့နေရာနဲ့ ပစ်ခတ်မှုတွေ မရှိစေဖို့ ဂရု စိုက်ပြီးနေကြပါ တယ်။

မေး။ ။ဒါဆို တိုက်ပွဲဖြစ်တယ် ဆိုတော့ ဘယ်နှစ်နာရီလောက်ကြာသလဲ သူတို့ဘက်ကရော အင်အား ဘယ်လောက်ရှိ တယ်လို့ သိရသလဲ။

ဖြေ။ ။တိုက်ပွဲကတော့ ၂၄ ရက်နေ့ ညနေ ၅ နာရီကနေ သန်းခေါင် အထိ ပါပဲ။ အင်အားက စစ်ကြောင်း တစ်ကြောင်းစာ ၅၀၊ ၆၀ ၀န်းကျင်းတော့ ရှိပါတယ်။ ဒီနယ်မြေ ကတော့ အရှေ့မြောက်တိုင်း တပ်တွေက ပိုဖြစ်များပါတယ်။ ဒါမှမဟုတ် စကခတွေလည်း ဖြစ်နိုင်တယ်။ တပ်တွေက မမှတ်မိလောက်အောင် ရှုပ်ထွေးနေတယ်လေ။

မေး။ ။အထိအခိုက်နဲ့ကျဆုံးမှု အခြေအနေကိုရော ပြောနိုင်မလား။

ဖြေ။ ။ဆက်သွယ်ချက် အရကတော့ ရွာသူရွာသားတွေဆီက သိထားရသလောက် ပြောရရင်တော့ ၁၀ ယောက် ကျပြီးတော့ အယောက် ၂၀ နီးပါး ဒဏ်ရာ ရတယ် လို့ ပြောပါတယ်။ ကျနော်တို့ တပ်ဘက်ကတော့ တဦးဘဲ ကျတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကာဗာတွေ ဗုံးခိုကျင်းတွေမှာနေတယ်။ သေသေချာချာ နေရာယူပြီး ပစ်ကွင်းတွေ ရှင်းထားပါတယ်။ အဲဒါကို သူတို့ ၀င်တိုက်တယ် ဆိုတော့ အထိနာတာပေါ့။ ဒါပေမဲ့ အစိုးရတွေ ကတော့ နောက်လဲ တိုက်လာဦးမှာပါ။ သူတို့က ကျနော်တို့ ရှိနေတဲ့ တောင်ပေါ်ကို စီမံကိန်းရှိရှိနဲ့စစ်ဆင်နေတာ ဖြစ်ပါတယ်။

မေး။ ။တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေတွေကို အစိုးရ ဘက်က တာဝန် ရှိသူတွေကို အကြောင်းကြားတာမျိုး လုပ်သေးလား ။ သူတို့ ဘက်ကရော ဘာတွေပြောသေးလဲ။

ဖြေ။ ။သူတို့ဘက်က ဒီကနေ့အချိန်ထိ ဘာမှ မပြောသေးတော့ ကျနော်တို့ဘက်ကလည်း ကိုယ့်အမှား မဟုတ်တော့ သွားပြီး မပြောသေးဘူးလေ။

မေး။ ။အပစ်ရပ်တုန်းက နှစ်ဖက် သွားလာမှုအစီအစဉ်တွေ၊ နေရာချထားမှုတွေ၊ ဘယ်လို အကန့်သတ်တွေ ထားပါ သလဲ ပြောပြနိုင်မလား။

ဖြေ။ ။ဒီလိုပါ။ လက်နက် မပါပဲ လွတ်လွတ်လပ်လပ် သွားလာဖို့ ၊ လက်နက် ပါခဲ့ရင် ကြိုတင် ခွင့်ပြုချက် ယူဖို့၊ ကြိုတင်အ သိပေးပြီးမှ လှုပ်ရှား သွားလာဖို့ သဘော တူညီချက်တွေနဲ့ကန့်သတ် ထားပါတယ်။

မေး။ ။ဆရာတို့ ဘက်က ဒီနယ်မြေမှာ ရှိနေတာကို အစိုးရဘက်က သက်ဆိုင်ရာကို အကြောင်းကြားတာမျိုး ရှိလား။

ဖြေ။ ။ကျနော်တို့ ဘက်က သဘော တူညီထားသည့် အတိုင်း တပ်သားတွေက ဒီနယ်မြေမှာ ရှိနေတာကို အစိုးရဘက်က သက်ဆိုင်ရာ တပ်မှူးတွေ တာဝန်ရှိတဲ့ သူတွေနဲ့ အကြောင်း ကြားထားပါတယ်။ အစိုးရ ဘက်ကဘဲ ဒီနယ်မြေ လာတာ ကျနော် တို့ကို အသိပေးခြင်း မရှိပါဘူး။

မေး။ ။ RCSS ဘက်က တာဝန် သိစိတ်နဲ့အစိုးရ ဘက်ကို အကြောင်းကြားထားပါလျှက်နဲ့ဘာကြောင့် တိုက်ပွဲဖြစ်ရတာလဲ။

ဖြေ။ ။ကျနော်တို့ဘက်က အကြောင်းကြားပါလျှက်နဲ့ အခုလို တိုက်ပွဲဖြစ်တာဟာ အစိုးရ တပ်ဘက်က စီမံကိန်းရှိရှိနဲ့ ကျနော်တို့ရှိတဲ့ နေရာကို လာပြီး တိုက်တယ်လို့ မြင်ပါတယ်။ ကျနော်တို့နဲ့ မကြာခဏ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့ အချိန်တိုင်းက ကျနော်တို့ဘက်ကတော့ အရင်မစခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ ရှိတဲ့ နေရာကို လာတိုက်တော့ ဒါက စီမံချက်အရ တမင်သက်သက် လာတိုက်သလို ဖြစ်နေတယ်။ ကျနော်တို့လည်း နောက်မဆုတ်ဘူး။ ပြန်လည် ခုခံရင်းနဲ့ ပြန်တိုက်ရတာ ဖြစ်တယ်။

မေ။ ။ တိုက်ပွဲဖြစ်တဲ့ အပေါ်မှာ RCSS အနေနဲ့ဘယ်လို မှတ်ချက် ပေးသလဲ ဆိုတာ သိပါရစေ။

ဖြေ။ ။မှတ်ချက် ကတော့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီး နောက်ပိုင်း တိုက်ပွဲဖြစ်တာ ၁၀၀ ထက် မနည်း ဖြစ်ခဲ့ပြီးပါပြီး။ အပစ် အခတ် ရပ်စဲရေးလည်း လုပ်ထားတယ်။ တိုက်ပွဲလည်း ဆက်ဖြစ်နေတယ် ဆိုတော့ ကျနော်တို့ဘက်က အသေအချာ စီစစ်ကြည့် တော့ အစိုးရ တပ်တွေက ကျနော်တို့ သဘော တူညီချက် အတိုင်း မလိုက်နာတဲ့ အတွက် ဖြစ်သလို ကျနော်တို့ကို စီမံချက် ရှိ ရှိနဲ့လာတိုက်တာ ဖြစ်တယ်။ တိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းက ကျနော်တို့ (၁) သဘောတူချက် အတိုင်း မလိုက်နာ တာလဲ ပါတယ်။ (၂) နယ်မြေဒေသ တိတိကျကျ သတ်မှတ်မှု မရှိတာလဲ ပါတယ်။ (၃) ကျနော်တို့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့် ၀တ် တွေ စည်းကမ်းတွေကို လိုက်နာခြင်း မရှိသည့် အတွက်ကြောင့် ပါတယ်လို့ မှတ်ချက် ပေးလိုပါတယ်။

မေး။ ။ခုနက ဆရာပြောတဲ့ အထဲမှာ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း တိုက်ပွဲတွေ အကြိမ်း ၁၀၀ ထက်မနည်း ဖြစ်ကြတယ် ဆိုတော့ ဒီတိုက်ပွဲတွေကြောင့် အပစ်အခတ် ရပ်စဲရေးကို မထိခိုက်နိုင်ဘူးလာ။

ဖြေ။ ။အပစ်အခတ် ရပ်စဲရေး မထိခိုက်အောင်တော့ ကျနော်တို့ ထိန်းသိမ်းရဖို့ တာဝန်ရှိတယ်။ ထိန်းသိမ်းဖို့ ကလည်းကျ နော်တို့မှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ပါတယ်။ အစိုးရ ဘက်ကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် အစိုးရဘက်ကလည်း ထိန်းသိမ်းဖို့ လိုအပ်တယ်။ မပြေလည်သေးတဲ့ နိုင်ငံရေးကို ဆွေးနွေးရလိမ့်မယ်လို့ မျှော်လင့်တယ်။ အစိုးရဘက်က တံခါးဖွင့်ပေးတဲ့ အချိန် ကျနော်တို့က ဆွေးနွေးဖို့ တံခါး ပေါက်နားမှာတောင် ရောက်နေပြီး ရှေ့ဆက် မပြေလည်းသေးတဲ့ နိုင်ငံရေး ပြသနာကို ဆွေးနွေးပွဲ စားပွဲပေါ် ရောက်လာအောင် ကျနော်တို့က စောင့်ရှောက် ရမှာဖြစ်တယ်။ အပစ်အခတ် ရပ်စဲရေး မတိုင်ခင်လည်း ငြိမ်းချမ်းရေးကို တောင်းဆိုတာပဲ ။ အခုအပစ်အခတ် ရပ်စဲရေး လုပ်ထားပြီးပြီး။ ဒါကိုမပျက်ပြယ်အောင် နှစ်ဖက်စလုံးမှာ တာဝန်ရှိပြီး သဘော တူညီချက်တွေကို လိုက်နာရမယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး။ ။အခုလို တိုက်ပွဲမျိုး ဆက်ဖြစ်နေမယ် ဆိုရင် အပစ်အခတ် ရပ်စဲရေးတွေ ပျက်တဲ့ အဆင့်ကော မရောက်နိုင်ဘူးလား။

ဖြေ။ ။အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ နိုင်ငံရေး ဆွေးနွေးရေး အတွက် လုပ်ဖို့ ဖြစ်ပါတယ်။ မပြေလည်သေးတဲ့ ပြသ နာဖြစ်နေတဲ့ နိုင်ငံရေး ပြေလည်လာအောင် အဖက်ဖက်ကနေ ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အားလုံးပြေလည်အောင် ပဏာမ အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်တာပါ။ ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ အတွက် အပစ်အခတ် ရပ်စဲရေး မပြေလည်ရင် ငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင်နိုင်စွမ်း မရှိဘူးလို့ မြင်တယ်။

ဘာကြောင့်လဲ ဆိုတော့ ငြိမ်းချမ်ရေး တည်ဆောက်တဲ့ နေရာမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ ယုံကြည်မှု မရှိဘူးဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေး တည်ဆောက်လို့ မရဘူး။ နိုင်ငံရေး ဆွေးနွေးတဲ့ နေရာမှာ ယုံကြည့်မှု မရှိရင် ဘယ်လိုဆွေးနွေးကြ မလဲ။ ဒါကြောင့်မို့ အပစ်အခတ် ရပ်စဲရေး ရေရှည် တည်မြဲအောင် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်အောင် နှစ်ဖက်စလုံး အပစ်အခတ်ရပ်မှ ဖြစ်မှာပါ။ တစ်ဖက်က ရပ်ပြီး တစ်ဖက်က မရပ်ဘူးဆိုရင် အခုလိုပဲ မလိုအပ်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ ဒါတွေအားလုံးက ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အတွက် အလှမ်း ဝေးနေသေးတယ်လို့ မြင်ပါတယ်။

မေး။ ။ဆရာတို့က သမ္မတနဲ့ တွေ့စဉ်တုန်းက ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အခြေအနေကို တိုင်ကြားတာမျိုး၊ တင်ပြတာမျိုးကော ရှိခဲ့သလား။

ဖြေ။ ။တင်ပြခဲ့ပါတယ်။ သမ္မတကတော့ အဲဒီလိုမဖြစ်ရအောင် နှစ်ဖက်စလုံး စောင့်ထိန်းဖို့ လိုတယ်လို့ ပြောတယ်။ နောက်ပြီးစောင့်ကြည့်ရေး အဖွဲ့ဖွဲ့ဖို့နဲ့ နှစ်ဖက် တပ်လိုက်နာမယ့် ကျင့်ဝတ်တွေရှိဖို့ဆိုတာ ကိုလည်း သမ္မတက သဘောတူတာပဲ။ ဒါပေမယ့် လက်တွေ့မှာက အခက်အခဲဖြစ်နေတယ်။ အခုအချိန်ထိ အကောင်အထည် မဖော်နိုင်သေးဘူးဖြစ်နေတယ်။ မလိုက် နာတာက သူတို့ဖက်လေ။

မေး။ ။ဘယ်လို အခြေနေတွေကြောင့် ခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးတာလဲ။

ဖြေ။ ။ထိပ်ပိုင်းခေါင်းဆောင်တွေက သဘော တူညီကြတာပဲ။ အကောင်အထည်ဖော်မဲ့ အပိုင်းကနှောင့်နှေးနေပါတယ်။ ဘာကြောင့်နှောင့်နှေးနေသလဲ ဆိုတော့ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ ပြုလုပ်နေတဲ့ ဆန္ဒနဲ့အညီ တပ်မတော်က လိုက်နာဖို့ တစုံတရာ အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့ သဘောလား ဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဲဒါလည်း ပေါ်လစီ လားဆိုတာ……………

အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတဲ့ နည်းနဲ့ ချီထားပြီး၊ တိုက်တယ်ဆိုတော့ ဘာမှပြောစရာ မရှိတော့ပါဘူး။ အခုလည်း ဥရောပနှင့် အမေရိကန် ခရီးစဉ်မှာ သမ္မတပြောတဲ့ စကားတွေကိုကြည့်ရင် မကြာခင်ငြိမ်းချမ်းတော့မှာပါတဲ့……….

လာပြန်ပြီး၊ တပြည်လုံး လက်မှတ်ထိုးပွဲ၊ အဲဒါကို တိုင်းရင်းသားတွေ လက်မခံရင် ဘာဖြစ်လာနိုင်မလဲ?

အစိုးရကရော။ တိုင်းရင်းသား လက်နက်ကိုင်တွေကို တကယ်ဘဲ ငြိမ်းချမ်းစေတော့မှာလား……… မဟုတ်ရင် ဘယ်လိုဆက် လိမ်သွားမလဲ?

သေချာတာက သမ္မတနဲ့ တပ်ချုပ်ဟာ ပေါ်လစီ တခုထဲပါ။ သွေးမကွဲနေပါဘူး။ တမင်ကို တိုက်နေတာပါ။ သူတို့ ရည်မှန်းချက် တခုအတွက်

အဲဒီထဲမှာ တိုင်းရင်းသား အခွင့်အရေးတွေ ပေးမယ်ဆိုတာ ပါချင်မှ ပါမယ်လို့ အများက တွက်ဆနေပါသည်။

No comments: