Saturday, July 27, 2013

ရက္ခိုင့်တပ်မတော်မှ ၄ နှစ်ကျော်ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများဖြင့်ပေးသော အထူးတိုက်ခိုက်ရေး စစ်သင်တန်းအောင်မြင်စွာပြီးဆုံး

မိုးဇော်

ရခိုင်အမျိုးသားများမှ ပေါ်ပေါက်လာသော "ရက္ခိုင့်တပ်မတော်" သည် စင်တင်ဖွဲ့စည်းခဲ့သည်မှ ယခုအချိန်ထိ ၄ နှစ်ကြာ ဖြတ်သန်းလာခဲ့သော တချိန်လုံးမှာ စစ်ရေးအတွေ့အကြုံမြောက်များစွာကို ရရှိခဲ့ပြီး ထို့သို့ရရှိလာသော အတွေ့အကြုံများကို စစ်သည်၊ စစ်မယ်များအား အရည်အသွေးမြှင့်တင်လိုသောကြောင့် "အထူးတိုက်ခိုက်ရေး" စစ်သင်တန်းခေါင်းစဉ်ဖြင့် ဘာသာရပ်အမျိုးမျိုးကို သင်ကြားပေးခဲ့သည်။

အဆိုပါ အထူးတိုက်ခိုက်ရေးသင်တန်းမှာ သင်တန်းသူ/သားများ ၉၃ ဦး ပါဝင်၍ ရက္ခိုင့်တပ်မတော်၏ ၄ နှစ်ကြာတွေ့ကြုံခဲ့မှုများကို ၃ လကြာသင်ကြားပေးခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင်ပြီးဆုံးကာ သင်တန်းဆင်းပွဲအခမ်းအနားတစ်ရပ်ကို ရက္ခိုင့်တပ်မတော်၏ ဌာနချုပ် ယာယီအခြေစိုက်ရာ မဟာမိတ် KIO နယ်မြေရှိ လှိုင်းစရာ စစ်သင်တန်း "ရက္ခသေနာ" ခန်းမတွင် အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်မှာ အင်အားတိုးလာပြီး စစ်သည်၊ စစ်မယ်များကိုလည်း အရည်အသွေးမြှင့်တင်လိုသောကြောင့် အထူးတိုက်ခိုက်ရေး စစ်သင်တန်းကို ပေးရခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်၏ စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး စောဝေနီမှ အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။

" ဒီနေ့ရက္ခိုင့်တပ်မတော်ဟာ အင်အားတဖြည်းဖြည်း တိုးလာတယ်။ အင်အားတိုးလာသလို တစ်ဖက်မှာလည်း အရည်အသွေးပိုင်းကိုပါ မြှင့်တင်ထားဖို့ လိုအပ် လာတယ်။ တစ်ခါတစ်ခါမှာ လူတွေက တပ်မတော်တစ်ခုကို အရေအတွက်နဲ့ တိုင်းတာတတ်ကြတယ်။ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံပြီးတော့ နည်းမှန်လမ်းမှန် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေတဲ့ တပ်မတော်အဖြစ်နဲ့ ရက္ခိုင့်တပ်မတော်က ရပ်တည်နိုင်ဖို့ အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်တယ်။ နောက်ပြီးတော့ ရက္ခိုင့်တပ်မတော်အနေနဲ့ (၄)နှစ်ကျော်ကာလကို ဖြတ်သန်းလာခဲ့တဲ့တစ်ချိန်လုံးမှာ အတွေ့အကြုံအများကြီးကို ရရှိခဲ့ပြီးဖြစ်တယ်။ စစ်ရေးရော နိုင်ငံရေးရောပေါ့။ သက်တမ်းနုနယ်တယ်လို့ ထင်ရပေမယ့် ၂၀၁၁-ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း တိုက်ပွဲစဉ်ကာလတစ်လျှောက်လုံးမှာ အစအဆုံးပါဝင်တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်။ ဒီတိုက်ပွဲဟာ မြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းမှာ အကြီးအကျယ်ဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲလည်းဖြစ်တယ်။ အဲဒီလိုရရှိခဲ့တဲ့ အတွေ့အကြုံတွေကို စနစ်တကျ သုံးသပ်လေ့ကျင့်ပေးခြင်းဖြစ်တယ်။ ဗျူဟာပိုင်း၊ စစ်မြေပြင်မှာလက်တွေ့ရင်ဆိုင်ရမှုအပိုင်း၊ ရန်သူ့စစ်ပရိယာယ်၊ ရန်သူ့လက်နက်၊ အားသာချက်၊ အားနည်းချက် စတာတွေကို အသေအချာဆန်းစစ်ပြီး လက်တွေ့လေ့ကျင့်စေလိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ဖြစ်တယ်။ " ဟု သူပြောသည်။

ရက္ခိုင့်တပ်မတော်မှ စစ်သည်၊ စစ်မယ်များအား သင်တန်းပေးခြင်းမှာ အမြဲတမ်းလိုလိုဖွင့်ပေးနေသော်လည်း ယခုသင်တန်းပေးခြင်းမှာ စစ်ရေးအတွေ့အကြုံများနှင့် ပေါင်းစပ်လေ့ကျင့်ရခြင်းဖြစ်သည့်အတွက် အထူးပင် ထူးခြားမှုရှိကြောင်း ဆက်ဆိုသည်။ သင်တန်းသူ/သင်းများအတွက်လည်း သက်ဆိုင်ရာဘာသာရပ်အလိုက် ထူးချွန်းသော စစ်သည်၊ စစ်မယ်များကို "အောင်စစ်သည်ဆု၊ စာပေထူးချွန်ဆု၊ လက်ဖြောင့်ဆု၊ စစ်ရေးပြထူးချွန်ဆု၊ ရဲဘော်ရဲဘက်စိတ်ဓါတ်ဆု" စသော ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲအခမ်းအနားတွင် ရက္ခိုင့်တပ်မတော်၏ တပ်မှူးချုပ် ထွန်းမြတ်နိုင်မှလည်း သင်တန်းသူ/သားများအား တပ်မတော်ပိုင်းနှင့်ပတ်သက်၍ မှတ်သားစရာတချို့ကို တက်ရောက် အမှာစကားပြောကြားခဲ့သည်။

" တပ်မတော်တစ်ရပ်မှာ အရေအတွက်အရေးကြီးပေမယ့် အရည်အချင်းကပိုပြီးတော့ အဓိက ကျတယ်။ အရေအတွက်ပိုင်းကို ဦးစားပေးလွန်းအားကြီးရင်လည်း အရည်အချင်းပိုင်းမှာ အားနည်းသွားမှာကို စိုးရိမ်ရတယ်။ မိမိတို့ ရက္ခိုင့်တပ်မတော်ကတော့ အရေအတွက်ရော အရည်အချင်းပါ နှစ်ရပ်စလုံးကို ဦးစားပေးတည်ဆောက်နေခြင်း ဖြစ်တယ်။ မိမိတို့မှာ တပ်ဆင်ထားတဲ့ လက်နက်အနေထားကိုလိုက်ပြီးတော့ တိုက်ပွဲပုံသဏ္ဌာန်ကို ဖော်ဆောင်တတ်ဖို့လိုတယ်။ တော်လှန်သော တပ်မတော် တစ်ရပ်ရဲ့ ဆူကြုံနိမ့်မြင့် ကွာဟချက်တွေကို ခံနိုင်ရည်ရှိဖို့၊ သံန္နိဋ္ဌာန်ခိုင်ခိုင်မာမာနဲ့ ခရီးဆက်ဖို့၊ ကြိုးစား ရုန်းကန် လှုပ်ရှားတိုက်ပွဲဝင်ရမှာဖြစ်တယ်။ မိမိတို့ရဲ့ လမ်းခရီးကို မည်သူမှလည်း တားဆီးလို့ရမှာမဟုတ်။ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ထိုးဖောက်ကျော်လွှား တိုက်ခိုက်အနိုင်ယူသွားရမှာဖြစ်တယ်။ " ဟု ပြောသည်။

မဟာမိတ် အဖွဲ့အစည်းများနှင့် ရက္ခိုင့်တပ်မတော်၏ အရာရှိကြီးများအပါအ၀င် သင်တန်းသူ/သားများ စုစုပေါင်း ၂၀၀ ကျော်တက်ရောက် ခဲ့ကြောင်း၊ ထိုသို့ တက်ရောက်လာသော မဟာမိတ်အဖွဲ့အစည်းကိုယ်စား ကေအိုင်အေအရာရှိတစ်ဦးမှ သင်တန်းသူ/သင်တန်းသားများအား ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း၊ ရက္ခိုင့်တပ်မတော် ရဲဘော်တို့၏ ကြိုးစားအောင်မြင်မှုများကိုလည်း ကျေနပ်အားရဝမ်းသာမိကြောင်း၊ ဆက်လက်ပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ပါစေကြောင်း ဆုတောင်းစကားများကို ပြောသွားကြောင်း ဒုတိယဗိုလ်မှူးကြီး စောဝေနီမှ ပြောကြားခဲ့သည်။

No comments: