ABC
မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော နယ်လှည့်စာကြည့်တိုက်ကို ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်လိုက်ပြီး အဲဒီအစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
ဘတ်စ်ကားပေါ်ကို စာအုပ်တွေ၊ ကွန်ပြုတာတွေ တင် နယ်လှည့်ပြီး လူတွေ စာဖတ်နိုင်အောင် လုပ်ပေးထားတဲ့ နယ်လှည့်စာကြည့်တိုက် အစီအစဉ်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဒေါ်ခင်ကြည်ကို အောက်မေ့တဲ့အနေနဲ့ ဖွဲ့ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး ဘတ်စ်ကားပေါ်မှာ စာအုပ်ပေါင်း တစ်သောင်းငါးထောင်ကျော် ရှိတယ်လို့ သိရပါတယ်။
ကော့မှုးမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ ကျော်ကို နယ်လှည့်မှာဖြစ်ပြီး ဒေသခံတွေအတွက် အသုံးဝင်မယ့် လယ်ယာစိုက်ပျိုးရေးစာအုပ်တွေ၊ မွေးမြူရေးလုပ်ငန်းအတွက် စာအုပ်တွေအပြင် ကလေးငယ်တွေအတွက် ဖြစ်ရပ်မှန်စာအုပ်နဲ့ တခြားစာအုပ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒ့ါအပြင် ကွန်ပြုတာသင်တန်းတွေနဲ့ အင်္ဂလိပ်စာ သင်ယူဖို့ သင်တန်းတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေးဟာ အရေးအကြီးဆုံးကဏ္ဍမှာ ပါဝင်တဲ့အကြောင်း ကျောင်းစာတစ်ခုတည်းနဲ့သာ ထိတွေ့ခွင့်ရရင် လူငယ်တွေဖွံ့ဖြိုးမှုရမှာ မဟုတ်တဲ့အကြောင်း လူငယ်တွေ စာဖတ်တဲ့ အလေ့အကျင့်ရှိတာကို လိုလားတဲ့အတွက် ခုလို လုပ်ဆောင်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယ်လှည့်စာကြည့်တိုက် ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။
စာအုပ်တွေ ရရှိဖို့ ဂျပန်နိုင်ငံ အလျူရှင်တွေ အဓိက လုပ်ဆောင်ကြောင်းသိရပြီး စာအုပ်တွေ သယ်ဆောင်ဖို့အတွက် ဂျပန်နိုင်ငံက ဘတ်စ်ကားနှစ်စီး လျူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။
No comments:
Post a Comment