Tuesday, July 30, 2013

ရန်ကုန်တိုင်းမှ အာဏာပိုင်အဖွဲ့အချို့ အမတ်များကို အသိအမှတ်မပြုဟု စွပ်စွဲခံရ

မင်းမင်း | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃

ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများအချို့သည် လွှတ်တော်အမတ်များကို အများပြည်သူ အကျိုးစီးပွားအတွက် လုပ်ဆောင်ရာတွင် အသိအမှတ် မပြုမှုများရှိကြောင်း မြောက်ဥက္ကလာမဲဆန္ဒနယ်မှအောက်လွှတ်တော်အမတ် ဒေါက်တာသန်းဝင်းက ဇူလိုင် ၂၉ ရက်က စွပ်စွဲပြောကြား လိုက်သည်။

လွှတ်တော်အမတ် သက်တမ်း နှစ်နှစ်ကျော်အတွင်း သူ၏ အတွေ့အကြုံများအရ ယင်းကဲ့သို့ တွေ့ရှိနေရခြင်းဖြစ်သည်ဟု သူက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

၎င်း၏ ပြောဆိုချက်ကို ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က“ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြန်လည် ဖြေရှင်းခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ဒေါက်တာသန်းဝင်းအနေဖြင့် “ထင်သာမြင်သာရှိအောင် တင်ပြဖို့လိုပါတယ်။ ဘယ်တုန်းက ဘယ်နေရာမှာ ဘာလုပ်တယ်။ သို့ရာတွင် ကျွန်တော်တို့မှာ ဒီလိုအခွင့်အရေးရှိတယ်။ ဒီအခွင့်အရေးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်ရာ ဥပဒေတွေက ခွင့်ပြုထားတယ်။ သို့ရာတွင် ဒီလိုမလုပ်ပါဘူးဆိုတာ တိတိကျကျလေး တင်ပြပေးရင် ကောင်းပါတယ်”ဟု ထောက်ပြခဲ့သည်။

တောင်ဥက္ကလာပမဲဆန္ဒနယ်မှ အထက်လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကလည်း သူ၏ မြို့နယ်ရှိ ရဲစခန်းက ၎င်းနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိကြောင်း မေလအတွင်းက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

No comments: