Wednesday, July 31, 2013

လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား

ချိုကို၊ နန်းမြင့် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၃

ဆေးလိပ်တိုပစ်ချရာက စတင်လောင်ကျွမ်းခြင်းဟု ဆို

ဇူလိုင် ၃၀ ရက် နေ့လည် ၁၂ နာရီခန့်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ လပြည့်ဝန်း ပလာဇာ ခြောက်လွှာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုသည် တစ်စုံတစ်ဦးက ဆေးလိပ်တိုပစ်ချရာက စတင် လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်လေးသောင်းခန့် ဖြစ်သည်ဟုလည်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပေါ်သည့် အခန်းသည် ပေခြောက်ဆယ် ပတ်လည်ခန့်မျှရှိပြီး လောင်ကျွမ်းမှုတွင် ရှစ်ပေခန့် ပါဝင်သွားခဲ့သည်။

လောင်ကျွမ်းသည့်ပစ္စည်းများမှာ ပိုက်အချို့နှင့် အိမ်သုတ်ဆေးကဲ့သို့သော ဆေးဗူးများသာဖြစ်ပြီး ပစ္စည်းအနည်းငယ်သာ ထားရှိသည့် အခန်းဖြစ်ကြောင်း မီးငြိမ်းသတ်ခဲ့သည့် မီးသတ်သမားတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဇော်ထွန်းက “မီးလောင်တဲ့ အထဲမှာ ပိုက်အိတ်လိုမျိုးတွေပဲ ရှိတယ်။ လူနေတဲ့ပုံစံမျိုးတော့မဟုတ်ဘဲ ဟောခန်းလိုပုံမျိုး ဖြစ်နေတယ်။ နောက် တစ်ဂါလံပတ်လည် အိမ်သုတ်ဆေးဗူးလို ဗူးခွံတွေပဲရှိတယ်”ဟု ပြောသည်။

လပြည့်ဝန်းပလာဇာ၏ အရှေ့ဘက်အခြမ်းတွင် ဈေးဆိုင်များသာရှိပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေရာသည် ပလာဇာ အဆောက်အဦ၏ အနောက်ဘက်အခြမ်းတွင် ဖြစ်ပြီး ယင်းနေရာသည် ရုံးခန်းများသာရှိသည်ဟု လပြည့်ဝန်းပလာဇာရှိ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောသည်။

၎င်းက “လူတွေက မီးလောင်တယ်ဆိုပြီး ပြေးဆင်းလာလို့ မီးလောင်တာသိလိုက်တယ်။ နောက် မီးသတ်ကို တွေ့တဲ့လူတွေက အကြောင်းကြားလိုက်တယ်။ ဒီအောက်ဘက်ကို လူတွေက ပြေးဆင်းလာပြီး တချို့လူတွေကလည်း မီးသတ်ဆေးဗူးယူပြီး အပေါ်ပြေးတက်သွားတယ်။ နောက် ချက်ချင်း လျှပ်စစ်မီးတွေကို မိန်းချပစ်လိုက်တယ်” ဟုပြောသည်။

အဆိုပါ မီးလောင်မှုသည် နေ့လည် ၁၂ နာရီ ၇ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ၁၂ နာရီ ၃၁ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ရာနေရာသို့ မီးသတ်ဌာနပေါင်းစုံမှ မီးသတ်ယာဉ် ၁၁ စီး လာရောက် မီးငြိမ်းသတ်ပြီး လူနာတင်ယာဉ် နှစ်စီးအပါအ၀င် အထောက်အကူပြုယာဉ်ငါးစီး၊ အုပ်ချုပ်မှုယာဉ်ငါးစီး၊ စုစုပေါင်းယာဉ် ၂၁ စီး လာရောက်ခဲ့သည်။

မီးလောင်မှုအတွက် ပ-၁၇၃/၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

No comments: