Wednesday, July 31, 2013

အစိုးရနဲ့ တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ တွေ့ဆံ

ABC

မြန်မာအစိုးရ ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​ကော်မတီ ​အဖွဲ့နဲ့ ​ပလောင်ပြည်နယ်လွတ်မြောက်ရေး ​တပ်ဦး ​(PSLF) ​တအောင်းပလောင်အမျိုးသားလွတ်မြောက်ရေး ​တပ်မတော်အဖွဲ့ ​(TNLA) ​တို့က ​ပထမဦးဆုံးအကြိမ်ငြိမ်းချမ်းရေးကိစ္စ ​ဆွေးနွေးဖို့အတွက် ​တရုတ်မြန်မာနယ်စပ်မှာ ​စတင်တွေ့ဆုံ ​ဆွေးနွေးမှု ​ပြုလုပ်နေတယ်လို့ ​သိရပါတယ်။

ဒီကနေ့စတင်ပြုလုပ်မဲ့ ​ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ​ပလောင်ပြည်နယ်လွတ်မြောက်ရေး ​တပ်ဦး/ ​တအောင်း ​ပလောင်အမျိုးသား ​လွတ်မြောက်ရေး ​တပ်မတော်အဖွဲ့ဖက်က ​အထွေထွေအတွင်းရေးမှူး ​မိုင်ဘုန်းကျော် ​ဦးဆောင်ပြီး ​မြန်မာအစိုးရဖက်က ​ပြည်တောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​ကော်မတီ ​ဒုဥက္ကဌ ​၀န်ကြီးဦးအောင်မင်းက ​ဦးဆောင်တာဖြစ်ပြီးတော့ ​ရှမ်းပြည်မြောက်ပိုင်း ​မူဆယ်မြို့မှာ ​တွေ့ဆုံကြတာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲနဲ့ ​ပတ်သက်ပြီး ​အထွေထွေ ​အတွင်းရေးမှူး ​မိုင်ဘုန်းကျော် ​က ​အခုလို ​ပြောပြပါတယ်။

“အပစ်အခတ်ရပ်စဲရေးအရင်ဆွေးနွေးရမယ် ​ပြီးတော့ ​နေရာသတ်မှတ်ရေးတွေလုပ်မယ် ​နှစ်ဖက် ​လက်နက်မပါပဲ ​သွားနိုင်တဲ့နေရာတွေ ​ဆွေးနွေးရမယ် ​ပြီးတော့ ​ဆက်ဆံရေးရုံးဖွင့်ရမယ် ​ဒါသူတို့ဖက် ​ပရိုပို့စ် ​လုပ်တာပေါ့။ ​ကျနော်တို့ဖက်ကလည်း ​နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ကိစ္စ ​ဆွေးနွေးရမယ်၊ ​နှစ်ဖက်စစ်ရှိန်လျှော့ဖို့ ​ဘယ်လိုလုပ်ရမလဲ ​စသဖြင့် ​ပြီးတော့ ​စစ်ဘေး ​ဒုက္ခသည်တွေကို ​စစ်ဘေးရောက်နေတဲ့ ​ရွာပုံးရွာရှောင်တွေ ​ဘယ်လိုလုပ်မလဲ ​စသဖြင့် ​ကျနော်တို့ဖက်ကတော့ ​ဒါတွေပြောထားပါတယ်။”


ဆွေးနွေးပွဲကို ​တိုင်းရင်းသား ​လက်နက်ကိုင် ​မဟာမိတ်တပ်ဖွဲ့တွေ ​ဖြစ်တဲ့ ​ကရင်အမျိုးသား ​အစည်းအရုံး ​KNUနဲ့ ​ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ​KIO ​အပါအ၀င် ​တခြားအဖွဲ့တွေလည်း ​တက်ရောက်ဖို့ရှိတယ်လို့သိရပါတယ်။

တဆက်တည်းမှာပဲ ​မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ​မြန်မာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ​ABSDF ​အဖွဲ့တို့နဲ့ ​ပထမဦးဆုံးအကြိမ် ​ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့အတွက် ​သြဂုတ်လ ​၄ရက်နေ့ကျရင် ​ကရင်ပြည်နယ်ဖားအံမြို့မှာ ​တွေ့ဆုံဖို့ရှိတယ်လို့ ​သိရတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: