Monday, July 29, 2013

ရာသီဥတု ဆိုးရွားမူကြောင့် ဂတ်စ်ပိုက်လိုင်း ဖွင့်လှစ်မည့် ဒုသမ္မတ ဦးဥာဏ်ထွန်း၏ ကျောက်ဖြူ ခရီးစဉ် ဖျက်သိမ်း

မောင်အေး

ရာသီဥတု ဆိုးရွားမူကြောင့် ယနေ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ လာရောက်ပြီး ဂတ်စ် ပိုက်လိုင်းအား ဖွင့်လှစ်မည့် ဒုသမ္မတ ဦးဥာဏ်ထွန်း၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ အသင့် တည်ဆောက်ထားသော ဂတ်စ်ပိုက်လုံးမှ တဆင့် ယနေ့ စတင်ပို့လွှတ်မည် ဖြစ်ရာ ဒုသမ္မတ ဦးဥာဏ်ထွန်းမှ လာရောက်ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သည်ဟု သိရသည်။

ဒုသမ္မတ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းမှာ မိုးလေ၀ါသ အခြေအနေကြောင်း ဖြစ်သည်ဟု ကျောက်ဖြူ မြို့ လူမူကွန်ယက်မှ ကိုထွန်းလွင်က ပြောသည်။

“ဒုသမတ ခရီးစဉ်ဖျက်လိုက်တာက ရာသီဥတုကြောင့် ဖြစ်မယ်ထင်တယ်။ ဒီမှာက မိုးတအား ရွာနေတယ်။ လေယာဉ် အဆင်းအတက် အခက်အခဲ ရှိတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

မဒေးကျွန်း ဒေသခံ တစ်ဦးဖြစ်သူ ကိုထွန်းကြည်ကလည်း ကျောက်ဖြူမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းနေသည်မှာ ၄ ရက်ခန့်ရှိနေပြီ ဖြစ်ပြီး ရာသီဥတု အထူဆိုးရွားနေသည်ဟု ပြောသည်။

“ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ သူတို့ပြောတာက မိုးလေ၀ါသ မကောင်းတဲ့အတွက် လို့ပြော တယ်။ ဒီမှာမိုးတွေ တအားရွာပြီး တိမ်တွေဖုံးနေတဲ့အတွက် ရဟတ်ယာဉ်ကျလို့ မရဘူးလို့ကြားတယ်။ မိုးလေ ၀ါသက တအားဆိုးနေတယ်။ ဒါကြောင့် သူ့ခရီးစဉ်ကို ဖျက်လိုက်တယ်လို့ကြားပါတယ်” ဟု ဆိုသည်။

ယနေ့တွင် ပြုလုပ်မည့် ပိုက်လိုင်းဖွင့်ပွဲကို ဒုသမ္မတ ဦးဥာဏ်ထွန်း ရောက်လာပါက ဒေသအတွင်းမှ ကျေးရွာပေါင်း ၂၃ ရွာမှ ကိုယ်စားလှယ်များက ဆန္ဒပြ တောင်းဆိုရန် စီစဉ်ထားသည့် အစီအစဉ် ကိုလည်း ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

ဒေသခံများ အနေဖြင့် ပိုက်လိုင်းတလျှောက် မြေယာပြဿနာဖြေရှင်းပေး ရေး၊ ကျောင်းဆေးပေးခန်း သောက်ရေကန်များ တည်ဆောက်ပေးရေး။ ရွာချင်းဆက်လမ်များ ဖေါက်လုပ်ရာ တွင် အကူ အညီပေးရေး၊ လျှပ်စစ်မီးရရှိရေး စသည် ဒေသခံများ လိုလားသည့် အချက်များကို တောင်းဆိုရန် အစီအစဉ် ရှိခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ ဒေသက ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို ကျွန်တော်တို့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်စုံတစ်ရာ မသုံးဘဲ အကုန်လုံး တရုတ်ကို တင်ပို့တဲ့ အပေါ်မှာ ရခိုင်လူထုက အထူး ခံစားမူ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဒေသအတွက် လိုအပ်တာက လျှပ်စစ်မီး အဓိက ဖြစ်ပါတယ်။ အခု ဗမာပြည်မက လူတွေက လျှပ်စစ်မီး မီတာ တစ်ယူနစ်ကို ကျပ် ၅၀ နဲ့ သုံးနိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ ဒေသက လူတွေက တယူနစ်ကို ကျပ် ၅၀၀ ပေးနေရပါတယ်။ ဒါကြောင့် ပြည်နယ်တွေက ထွက်တဲ့ သဘာဝ သယံဇာတတွေကို ဘယ်ရာခိုင်နုန်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခွဲဝေ ပေးမလဲ ဆိုတာ ပြည်ထောင်စု လွှတ်တော်ကနေ အမြန် ဆုံးဖြတ် ပေးသင့်ပါတယ်” ဟု ဦးသန္တာမောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် လုပ်ကိုင်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံ ရခိုင်ပြည်သူများမှာ အကျိုးမခံစားရသည့် အပြင် လယ်မြေများ ပျက်စီး ဆုံးရှုံးခြင်း၊ လုပ်ကိုင် စားသောက်နေသော ဥယျာဉ်ခြံမြေများ အသိမ်းခံရခြင်း၊ တာတမံများပျက်စီးခြင်းစသည့် အလုပ်အကိုင် အခွင့်အလန်း ဆုံးရှုံး နစ်နာမူများကိုသာ ခံစားနေကြရသည်ဟု သူက ဆက်ဆိုသည်။

ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို မြန်မာ အစိုးရမှ တနှစ်ကို အမေရိကန် ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ နုန်းဖြင့် နှစ်ပေါင်း ၂၀ တရုတ်သို့ တင်ပို့ရန် စာချုပ် ချုပ်ဆိုထားသည်ဟု သိရသည်။ မြန်မာ အစိုးရသည် ရခိုင်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို တရုတ်သို့ တင်ပို့သဖြင့် အမေရိကန် ဒေါ်လာ ၂၄ ဘီဘီယံကျော် ရရှိမည် ဖြစ်သော်လည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်စုံတစ်ရာ သုံးစွဲရန် တရားဝင် လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသဖြင့် ရခိုင်ပြည်သူများ အကြားတွင် အထူး မကျေနပ်မူ တိုးပွားနေကြောင်း သိရသည်။

No comments: