Thursday, September 5, 2013

ရှမ်းပြည်နယ်တွင် သစ်ခိုးထုတ်မှုလျော့ ကျလာပြီဟုဆို

သိင်္ဂီထွန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃

ရှမ်းပြည်နယ်တွင် သစ်ခိုးထုတ်မှုများ ရှိနေသလို၊ ထိုသစ်မှောင်ခိုသမားများကို ဖမ်းဆီးသည့်သူများကိုပါ သတ်ဖြတ်မှုများ ရှိလာသဖြင့် စစ်တပ်အကူအညီဖြင့် ဖမ်းဆီးခဲ့ရာ တစ်လကျော်အကြာတွင် သစ်ခိုးမှုများ ယခင်ထက်လျော့ပါသွားကြောင်း ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“မူဆယ်၊ နမ့်ခမ်းဘက်မှာဆို ဗျူဟာမှူး နဲ့ရဲကိုယ်တိုင်ထိုင်ပြီးဖမ်းတယ်” ဟု ၀န်ကြီး ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မတည်ငြိမ်သော မဘိန်းမြို့နယ်၊ မိုးမိတ်မြို့ နယ်စသောဒေသများတွင် သစ်ခိုးထုတ်မှုများ၊ သစ်ခုတ်လှဲမှုများကို သစ်တောဝန်ထမ်းများ တားဆီးလျှင် အသတ်ခံရမှုများပင် ရှိလာ သောကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စစ်တပ်ကိုအကူအညီ တောင်းရခြင်းဖြစ်သည်ဟု ဦးစိုင်းအိုက် ပေါင်းကပြောသည်။

လက်ရှိတွင် သစ်ခိုးထုတ်သည့်ကားအများစု ဖြတ်သန်းသွားလာသည့် နမ့်ခမ်း၊ မူဆယ်၊ ရွှေလီစသည့်ဒေသ များတွင် အဓိကထားစောင့်ဖမ်းပြီး သစ်အများဆုံး ခိုးထုတ်သည်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း တို့မှဖြစ်ကြကြောင်း ဆက်ပြောသည်။

ဖမ်းမိသောသစ်များမှာ ကျွန်းနှင့် သစ်မာများအများဆုံးဖြစ်ကြပြီး တရုတ်နိုင်ငံဘက်သို့ကားဖြင့် မှောင်ခို တင်ပို့ကြကြောင်းလည်း သူကပြောသည်။

မန္တလေး-မူဆယ် ကုန်ကားမောင်းသော ဦးတင်အုန်းက “မူဆယ်လမ်းကြောင်းမှာ ဖမ်းရင်တော့ သစ်ခိုး ထုတ်တာ သိပ်မရှိဘူး။ သူကတရားဝင်လမ်းကြောင်းကိုး။ Mobile Team (မှောင်ခိုဖမ်းသည့်အဖွဲ့) တွေ၊ စစ် ဆေးရေးဂိတ်တွေရှိတော့ မှောင်ခိုသမားတွေက ရှောင်ကြတယ်။ ရွှေလီဘက်ကိုသွားရင်တော့ သစ်ကားတွေ အများကြီးတွေ့တယ်။ ၁၄ စီး၊ ၁၅ စီးပဲ။ ရွှေလီဘက်ကိုက ၀ိုင်းမော်တို့လို တောလမ်းကနေ ပဲလာတာ။ အဲဒီ့ဘက်မှာ သွားဖမ်းရင်တော့ ၀န်ထမ်းအင်အား များများနဲ့ ဖမ်းမှရမယ်” ဟု သူတွေ့မြင်နေရသည့် အခြေအနေကို ပြောပြသည်။

၁၉၇၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၃၆ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ သစ်တောဧရိယာ၏ လေးပုံတစ်ပုံ ခန့်ဖြစ်သော သစ်တောစတုရန်းမိုင် ၁၉၈,၀၀၀ ကျော်သည် ဆုံးရှုံးသွားခဲ့ပြီဟု ဗြိတိန်အခြေစိုက် ကမ္ဘာ့ သားရဲ တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ကပြီး ခဲ့သည့်မေလက ထုတ်ပြန်သည့် စစ်တမ်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သစ်တောဧရိယာ စတုရန်းမိုင်ပေါင်း ၁၅၀,၀၀၀ ခန့်ရှိသည့်အနက် ရှမ်းပြည်နယ်တွင် သစ်တော အများဆုံးဖြစ်ပြီး စတုရန်းမိုင်အားဖြင့် ၄၅,၀၀၀ ကျော်ရှိသည် ဟုလည်း စစ်တမ်းများတွင် တွေ့ရ သည်။

No comments: