Thursday, September 5, 2013

လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအဖွဲ့များ အစည်းအဝေး ထိုင်း၌ ကျင်းပ

ရွှေဟင်္သာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့ အထိ ဒုတိယ အကြိမ် မဲခေါင် ဒေသတွင်း ၀န်ကြီးများ အဆင့် လူကုန် ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး အစီအစဉ်၏ အထူး အဖွဲ့များ အစည်းအဝေး (2nd Regional COMMIT Taskforce Meeting) ကို ကျင်းပ နေသည်ဟု အစည်းအဝေး တက်ရောက် နေသူ တစ်ဦးမှ ပြောသည်။

“အကြမ်းဖျင်း ပြောရမယ် ဆိုရင် နောက်တဆင့် တိုးပြီးတော့ မဲခေါင် (၆) နိုင်ငံ အပြင် အရှေ့ အာရှ နိုင်ငံ တွေလည်း ဒီလူကုန် ကူးမှုကို ပူးပေါင်း တိုက်ဖျက်ဖို့ ဆွေးနွေးတဲ့ သဘောပေါ့၊ မြန်မာ နိုင်ငံ အနေနဲ့ကတော့ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ် နဲ့ရယ် လူရယ်ကုန်းမှူ အဓိက ဖြစ်နေတယ်” ဟု အမည် မဖော်လိုသည့် အစည်းအဝေး တက်ရောက် နေသူက ဆိုပါသည်။

ယခုနှစ် ဒီဇင်ဘာ လတွင် ပြီးဆုံး တော့မည့် UNIAP (United Nations Inter - Agency Project on Human Trafficking) အစား East Asia Initiative Against Trafficking in Persons (EATIP) Project မှ ဆက်လက် လုပ်ဆောင် သွားမည့် ကိစ္စနှင့် ပတ်သက်၍ မဲခေါင် ဒေသတွင်း (၆) နိုင်ငံ (တရုတ်၊ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား) တို့မှ ကိုယ်စားလှယ်များ ၊အလှူရှင် နိုင်ငံများ၊ UNDP, UNIAP နှင့် IOM မှ တာဝန် ရှိသူ များတို့ တွေ့ဆုံကာ ဆွေးနွေး နေကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခု အစည်းအဝေး၌ တက်ရောက် ဆွေးနွေး နေကြသည့် အရှေ့အာရှ နိုင်ငံများ အနေဖြင့်မူ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခြင်း အဆင့်အထိ ရောက်နိုင်မည် မဟုတ်သေးပဲ လေ့လာသူ အဖြစ်သာ တက်ရောက်မည့် အဆင့်၌ပင် ရှိသေးသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ စ၍ လူကုန် ကူးမှု ခံရသူများအား (၄၀၀၀) ဝန်းကျင်ခန့် ကယ်တင် နိုင်ခဲ့ပြီး ဖြစ်ကာ ၄င်းတို့ ဘဝ ပြန်လည် ထူထောင်ရေးကို ကုစား နိုင်ရန်မှာ အားနည်း လျက်ပင် ရှိသည်ဟု ၄င်းအစည်း အဝေး တက်ရောက် နေသူမှ ဆိုပါသည်။

လူကုန် ကူးမှု ပုံစံများမှာ ယခင် ကဲ့သို့ မဟုတ်ပဲ မိန်းမပျို များအား ကလေး မွေးစေရန် အတွက် လူကုန် ကူးခြင်း၊ ကလေး သူငယ် များ၏ ကိုယ်အင်္ဂါ အစိတ် အပိုင်းများ ခိုးယူခြင်း၊ တောင်းရမ်း စားသောက်ရန် အတွက် ခိုင်းစေရန် ကုန်ကူးခြင်း၊ မွေးကင်းစ ကလေး များအား ခိုးယူခြင်း စသည့် ပုံစံ မျိုးစုံ ဖြစ်ပေါ် နေသည်ဟု ဆိုပါသည်။

မြန်မာ နိုင်ငံတွင် လူကုန် ကူးမှု ခံရသူများ ပြည်လည် ထူထောင်ရေး စခန်း များကို တရုတ်-မြန်မာ နယ်စပ်၌ ပြည်လည် ထူထောင်ရေး စခန်း (၃) လုံးနှင့် ထိုင်းမြန်မာ နယ်စပ်၌ (၃) လုံး စုစုပေါင်း (၆) လုံးအား ဂျပန် နိုင်ငံမှ အကူအညီဖြင့် ဆောက်လုပ် သွားရန် ရှိသည်။

လက်ရှိ၌ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၌ တစ်လုံး ဆောက်လုပ်ပြီး ဖြစ်ကာ တာချီလိတ် မြို့၌ နောက်ထပ် တစ်လုံး ဆောက်လုပ် နိုင်ရန် စီစဉ် နေကြောင်း သိရသည်။

ယခု ကျင်းပ နေသည့် အစည်း အဝေးသို့ မြန်မာ နိုင်ငံမှ ကိုယ်စားလှယ် များအဖြစ် ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ၊ ရဲမှူးကြီး ၀င်းနိုင်ထွန်း (ဒု-တပ်ဖွဲ့မှူး၊ လူကုန် ကူးမှု တားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့) နှင့် ဒေါ်ဥမ္မာ အိအိချော (National Project Coordinator, UNIAP Myanmar) တို့ သုံးဦးနှင့် လေ့လာသူ (၃) ဦးတို့ တက်ရောက် ကြလျက် ရှိသည်။

No comments: