Friday, September 13, 2013

မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့မဖွဲ့ဖို့ ကန့်သတ်

ABC

မြန်မာနိုင်ငံမှာ ​မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ​သံဃာတော်တွေပါဝင် ​ပတ်သက်မှုကို ​ကန့်သတ်နိုင်ဖို့အတွက် ​နိုင်ငံတော် ​သံဃမဟာနာယက ​အဖွဲ့ကနေ ​တားဆီးမိန့် ​တစ်ခုထုတ်ပြန် ​လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ပြီးခဲ့တဲ့လတွေ ​အတွင်းဖြစ်ပွားခဲ့တဲ့ ​ဘာသာရေး ​အကြောင်းပြု ​အကြမ်းဖက်မှုတွေမှာ ​ဗုဒ္ဓဘာသာ ​သံဃာတော်တွေ ​ဦးဆောင်ပါဝင်မှုတွေ ​ရှိခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်တွေရှိခဲ့ရာက ​အခုလို ​တားမြစ်တဲ့ ​ညွှန်ကြားချက် ​ထွက်ပေါ်လာတာ ​ဖြစ်ပါတယ်။

စက်တင်ဘာလ ​၂ ​ရက်နေ့ကတည်းက ​ထုတ်ပြန်ခဲ့တဲ့ ​နိုင်ငံတော် ​သံဃမဟာနာယက ​အဖွဲ့ရဲ့ ​အမိန့်စာမှာ ​၉၆၉ ​လှုပ်ရှားမှုနဲ့ပတ်သက်တဲ့အဖွဲ့တွေ ​တရားဝင်ဖွဲ့စည်းခွင့်မပြုကြောင်း ​ကန့်သတ်ချက် ​ထုတ်ထားပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ​၆၉၆ ​လှုပ်ရှားမှုခေါင်းဆောင်အဖြစ် ​သတ်မှတ်ခံရတဲ့ ​အရှင်ဝိရသူကတော့ ​ဒါဟာ ​ဒီမိုကရေစီမဆန်ဘူးလို့ ​ဝေဖန်လိုက်ပါတယ်။

ဂေါတမဗုဒ္ဓရဲ့ ​ဂုဏ်တော်တွေကို ​ရည်ညွှန်းထား ​ဖြစ်တယ်ဆိုတဲ့ ​၉၆၉ ​ဂဏန်းကိုသုံးပြီး ​မွတ်စလင်ဆန့် ​ကျင်ရေးလှုပ်ရှားမှု ​သင်္ကေတအဖြစ် ​အသွင်သွတ်သွင်းခဲ့တဲ့ ​လှုပ်ရှားမှုဟာ ​မြန်မာနိုင်ငံစုစုပေါင်း ​လူဦးရေ ​သန်း ​၆၀ ​ထဲမှာ ​၅ ​ရာခိုင်နှုန်းသာရှိတဲ့ ​မွတ်စလင်တွေကို ​ခွဲခြားထားဖို့ဖြစ်တယ်လို့ ​နိုင်ငံတကာ ​သတင်းဌာနတချို့က ​ဖေါ်ပြပါတယ်။

၉၆၉ ​လှုပ်ရှားမှုရဲ့ ​ဦးစီးဦးဆောင်အဖြစ် ​သတ်မှတ်ခံရတဲ့ ​အရှင်ဝီရသူကတော့ ​သူ့အနေနဲ့အကြမ်းဖက်မှုကို ​အားပေးအားမြောက်မလုပ်ဘူးလို့ဆိုပေမယ့် ​၉၆၉ ​လှုပ်ရှားမှု ​ပေါ်ပေါက်လာတာနဲ့အတူ ​အကြမ်းဖက်မှုတွေ ​တွဲဖက်ပါလာခဲ့တာ ​ဖြစ်တယ်လို့ ​ရိုက်တာသတင်းဌာနက ​ဖေါ်ပြခဲ့ပါတယ်။

အရှင်ဝီရသူကတော့ ​အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့အတွက် ​စိတ်ထိခိုက် ​ရကြောင်းပြောခဲ့သလို ​လူမှုအသိုင်းအဝိုင်းတွေ ​အခြင်းခြင်းအကြား ​ငြိမ်းချမ်းရေးတည် ​ဆောက်သင့်တယ်လို့လည်း ​ပြောခဲ့တဲ့အကြောင်း ​သိရပါတယ်။

ဘာသာရေးအကြောင်း ​ပြုအကြမ်းဖက်မှုတွေကြောင့် ​လူပေါင်း ​၂၃၀ ​ကျော် ​အသက်ဆုံးခဲ့ရပြီး ​လူပေါင်း ​တစ်သိန်းခွဲထက်မနည်း ​အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ​အများစုက ​မွတ်စလင်တွေဖြစ်တယ်လို့ ​နိုင်ငံတကာသတင်းဌာနတချို့က ​ဖေါ်ပြကြပါတယ်။

No comments: