Sunday, September 1, 2013

ရေနံလုပ်ကွက်ရင်းနှီးမြှုပ်နှံမှုစံနှုန်းသစ် နိုင်ငံနှင့် လုပ်ငန်းရှင်များအတွက်ပါ အကျိုးရှိ

ထင်လင်းအောင်

ပြည်တွင်းရေနံလုပ်ကွက်များအတွက် ရင်းနှီးမြှုပ်နှံမှုခေါ်ယူသည့် စံနှုန်းသတ်မှတ်ချက်အသစ်တွင် နိုင်ငံတော်၏ ဘဏ္ဍာရေးအတွက် အကျိုးအမြတ်ခံစားခွင့်နှင့် ရင်းနှီးမြှုပ်နှံမှု ဝေစုပါဝင်ခွင့်များ တိုးမြင့်လာသည့်အပြင် တိုင်းပြည် အတွက် အခြားကောင်းမွန်သည့်အချက်များစွာပါဝင်လာကြောင်း ရေနံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကပြောသည်။

လက်ရှိခေါ်ယူထားသည့် ရေနံလုပ်ကွက်ရင်းနှီးမြှုပ်နှံမှုစံနှုန်းသစ်အရ နိုင်ငံတော်က ယခင်ထက် ၂ ဒသမ ၅ ရာခိုင်နှုန်း အကျိုးခံစားခွင့် ပိုမိုရရှိလာမည်ဖြစ်ပြီး ရေနံတူးဖော်ရာတွင်လည်း ယခင်ကထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပြီး ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။

ယင်းအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာဆန်းစစ်ခြင်း (EIA) လုပ်ဆာင်ရန် နှင့် လူမှုဘ၀ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ခြင်း (SIA) များ ဆောင်ရွက်ပေးရန်လည်း ထည့်သွင်းထားသည်။

ရေနံလုပ်ငန်းကျွမ်းကျင်သူ ဦးကျော်ကျော်လှိုင်က “စံနှုန်းသတ်မှတ်ချက်ဆိုတာကလည်း ဒါကိုလိုက်နာနိုင်တဲ့သူသာ လုပ်လို့ရမယ်ဆိုတဲ့သဘောဖြစ်တဲ့အတွက် အရမ်းကောင်းတယ်”ဟု ဆိုသည်။

လုပ်ငန်းရှင်များအတွက်မူ ယခင်ထက် အခွန်ကင်းလွတ်ခွင့် နှစ်နှစ်တိုးမြှင့်ပေးထားခြင်းဖြစ်ရာ ယခင် စံနှုန်းများ ထက် များစွာ ကောင်းမွန်လာကြောင်း ယင်းတို့က ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းရှိ ရေနံလုပ်ကွက်များတွင် လုပ်ကိုင်လိုသူများအား Standard terms and conditions of contracts (PSC/IPR) ကို စံနှုန်းအသစ်များဖြင့် ယင်းတို့၏ ၀က်ဘ်ဆိုဒ် စာမျက်နှာတွင် ဖိတ်ခေါ် ထားသည်။

အဆိုပါစံနှုန်းများအရ နိုင်ငံတော်၏အကျိုးခံစားခွင့် ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ ယခင်က နိုင်ငံတော်မှ ပါဝင်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏအား ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ထားသည့်အပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များဖြစ်သော EIA, SIA များမဖြစ်မနေ ပါဝင်ရန်အချက်များ ထပ်မံထည့်သွင်း ထားခြင်းဖြစ်သည်။

ထို့အပြင် ထုတ်လုပ်ရရှိသည့်ရေနံပမာဏမှ ၁၀ ရာခိုင်နှုန်းအား ဈေးကွက်ပေါက်ဈေး၏ ၇၅ ရာခိုင်နှုန်း ဈေးနှုန်းဖြင့်ပြည်တွင်းသုံးစွဲမှုအတွက် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်းလည်း ပါဝင်သည်။ လုပ်ငန်းရှင် များအတွက် ယခင်က လုပ်ငန်းစတင်လည်ပတ်ချိန်မှ သုံးနှစ်အတွင်းအား အခွန်ကင်းလွတ်ခွင့်ပေးထားရာမှ စံနှုန်းအသစ်တွင် ငါးနှစ်အထိ အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းဖြစ်ရာ လုပ်ငန်းရှင်များအတွက် အားသာချက်များလည်း ပါဝင်လာခြင်းဖြစ်သည်။

ဦးကျော်ကျော်လှိုင်က “စံနှုန်းတစ်ခုကို သတ်မှတ်တာကောင်းဖို့လိုတယ်။ လုပ်ငန်းရှင်ဘက်က နစ်နာရင်လည်း လုပ်မယ့်သူမရှိဘူး။ သာသွားရင်လည်း တိုင်းပြည်နစ်နာတယ်။ အခုစံနှုန်းက အားသာချက်တွေ အများကြီးပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် ပါဝင်လာတာကလည်းကောင်းပါတယ်” ဟု ပြောသည်။

အိနိ္ဒယနိုင်ငံတွင်မူ နိုင်ငံတော်မှ အကျိုးအမြတ်ခံစားခွင့်အား ၁၅ ရာခိုင်နှုန်းအထိ ရယူထားခြင်းဖြစ်ကြောင်း ယင်းကဆိုသည်။

မြန်မာနိုင်ငံတွင် မုတ္တမကမ်းလွန်၊ တနင်္သာရီကမ်းလွန်နှင့် ရခိုင်ကမ်းလွန်ဒေသများတွင် ရေနံရှာဖွေရေး လုပ်ကိုင်နေသည့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်ရှိပြီး ရေတိမ်လုပ်ကွက်ခြောက်ကွက်နှင့် ရေနက်ပိုင်း လုပ်ကွက် ကိုးကွက်ဖြစ်သည်။

ကုန်းတွင်းလုပ်ကွက်များတွင် လက်ရှိအချိန်အထိ လစ်လပ်နေရာ ၃၅ ကွက်ခန့်ကျန်ရှိနေဆဲဖြစ်ပြီး လုပ်ကိုင်လျက် ရှိသည့် ကုန်းတွင်းပိုင်းရေနံလုပ်ကွက် ၁၉ ကွက်ရှိသည်။

No comments: