Tuesday, September 3, 2013

ယခုနှစ်အတွင်း စတော့ဈေးကွက်စတင်ရန် မဖြစ်နိုင်သေးဟု ပြည်တွင်းစီးပွားရေးပညာရှင်များဆို

ထင်လင်းအောင်

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စတော့ရှယ်ယာရောင်းဝယ်သည့်ဈေးကွက် (Stock Market) စတင်နိုင်ရန် မဖြစ်နိုင်သေးဟု ပြည်တွင်းစီးပွားရေး ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

စတော့ရှယ်ယာရောင်းဝယ်သည့်ဈေးကွက်အား ယခုနှစ်ကုန်ပိုင်းအတွင်း စတင်မည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာနက တရားဝင်ပြောဆိုထားပြီး စတော့ဈေးကွက်လုပ်ကိုင်မည့်နေရာကိုပါ ရွေးချယ်ပြီးဖြစ် သော်လည်း လက်တွေ့တွင်ဈေးကွက်လည်ပတ်ရန်မှာ မမြင်နိုင်သည့် နည်းပညာအခက်အခဲများစွာ ရှိနေခြင်းကြောင့် စတင်နိုင်ရန် မဖြစ်နိုင်သေးကြောင်း ယင်းတို့က ပြောခြင်းဖြစ်သည်။

စတော့ဈေးကွက် ပီပြင်စွာ ပေါ်ပေါက် လာရန် ကုမ်္ပဏီ၏ အစုရှယ်ယာရောင်းဝယ်မှုများအား ယုံကြည်မှုရှိရန် လိုအပ်သည့်အပြင် ဈေးကွက်လည်ပတ်ရာတွင် ရှယ်ယာဈေးနှုန်း သတ်မှတ်ခြင်းနှင့် ဈေးဖွင့်ခြင်းများ၊ ဗဟိုဘဏ်၏ငွေကြေးဈေးကွက်ထိန်းညှိမှုစနစ်ကောင်းမွန်ခြင်းများစသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးမှုများ လိုအပ်နေသေးကြောင်း ယင်းတို့ကထောက်ပြပြောဆိုသည်။


ဈေးနူန်းသတ်မှတ်ခြင်း

ကုမ္ပဏီတစ်ခု၏ စတော့ရှယ်ယာ ဈေးနှုန်းအား စတော့ဈေးကွက်သို့ တင်မည်ဆိုပါက ကုမ္ပဏီအကြံပေး ပုဂ္ဂိုလ်က (Enterprice Value)ဖြစ်သော ကုမ္ပဏီတန်ဖိုး (Company Value) အား ကုမ္ပဏီဘုတ်အဖွဲ့ သို့တင်ပြရသည်။ ထိုသို့ တင်ပြလာသည့် ရှယ်ယာတန်ဖိုးကို မျှတမှုရှိသည့် ရှယ်ယာဈေးနှုန်းဖြစ်ရန် ပြန် တွက်ရသည်ဟု ပညာရှင်များက ဆိုသည်။

မမြင်ရသည့် အခြေခံလိုအပ်ချက်

စီးပွာရေး ပညာရှင်တစ်ဦးဖြစ်သူ ဦးဆက်အောင်က စတော့ဈေးကွက်တစ်ခုဖြစ်လာရန် software infrastructure (မမြင်ရသည့် အခြေခံလိုအပ်ချက်များ) များစွာလိုအပ်သည်ဟု ဆိုသည်။

ရှယ်ယာတစ်ခုကို တွက်ရန်အတွက် ကုမ္ပဏီတန်ဖိုး (Company Valuation) စပြီး တွက်ရမည်ဖြစ်သည်။ “ကုမ္ပဏီ တန်ဖိုးဆိုတာကဘာလဲ၊ စတော့တန်ဖိုး (Stock Valuation) ကဘာလဲ၊ ဈေးကွက်ထဲမှာကစားမယ့်သူ (Market Maker) တွေက ဘာလဲဆိုတာတွေက အစတွက်ရမှာ ဖြစ်တယ်”ဟု ဆိုသည်။

၎င်းအချက်များကို တွက်ချက်နိုင်ရန် လိုအပ်ချက်များစွာ ရှိသေးကြောင်း အချိန်လည်းလိုသည့်အပြင် သင်ယူစရာ များစွာ လည်းရှိနေရာ ယခုနှစ်အတွင်း မဖြစ်နိုင်သေးကြောင်း ပြောသည်။


ကြားအာမခံ

ပြည်တွင်း ဘဏ်စနစ်အားနည်းချက်များကြောင့် စတော့ဈေးကွက်အတွင်း ကြားဝင် အာမခံမှုပေးနိုင်သည့် Underwriting Investment Bank များ မရှိသေးခြင်းနှင့် ကုမ္ပဏီ၏တန်ဖိုးအား စာရင်းစစ်ကုမ္ပဏီများကသာ တွက်ချက်မှု ရှိနေသေးခြင်းကလည်း အခက်အခဲများရှိနေသေးခြင်းကလည်း ပီပြင်သည့် စတော့ဈေးကွက်ဖြစ်ရန်မှာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှသာ စတင်နိုင်ဖွယ်ရှိကြောင်း ယင်းတို့က ဆိုသည်။

ဦးဆက်အောင်က ဆက်လက်၍“ စာရင်းစစ်ကုမ္ပဏီက လုပ်တယ်ဆိုတာက ကုမ္ပဏီတန်ဖိုး (Company Value) အစစ်မဟုတ်ဘူး။(Accounting Method) နဲ့ (Invest-ment Method) မတူဘူး။ စာရင်းစစ်နည်း လမ်းနဲ့ တွက်ထားရင် ကုမ္ပဏီတန်ဖိုးကလည်း စာရင်းစစ်တန်ဖိုးပဲ ထွက်လာမှာ။ Underwriting Investment Bank
တွေကလည်း မရှိသေးဘူး။ ဒါတွေဖွံ့ဖြိုးဖို့ အတွက်က အချိန်တွေအများကြီး လိုဦး မယ်။ စတော့ ဈေးကွက်က စတော့ရှယ်ယာ ဘယ်လောက်မြန်မြန်ရောင်းနိုင်လဲဆိုတဲ့အပေါ်မှာပဲ မူတည် တယ်”ဟုပြောသည်။

ဈေးကွက်နှစ်ခု

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအနှီးဈေးကွက်ဟုခေါ်သောစတော့ဈေးကွက် ၊ ချေးငွေ သက်သေခံ လက်မှတ်များ ရောင်းဝယ်သည့် ဈေးကွက်နှင့် နိုင်ငံခြားငွေကြေးများအား လဲလှယ်သည့် ဈေးကွက်များ ဖွံ့ဖြိုးရန်လိုအပ်ခြင်းဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်သည့်ဈေးကွက် (Foreign Exchange Market) နှင့် စာချုပ်များရောင်းဝယ်သည့်ဈေးကွက် (Bnod Market) နှစ်ခုရှိပြီး စာချုပ်ရောင်းဝယ်သည့် ဈေးကွက်မှာ ကျယ်ပြန့်စွာအောင်မြင်မှုမရှိပဲ ဖြစ်နေသည်။

လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “ စတော့ဈေးကွက်ဖြစ်လာရင်တော့ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုင်းမှာလည်း တိုးချဲ့လို့ရတဲ့အတွက် ကြီးမားလာတယ်။ စီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့ပြီး လုပ်နိုင်တာကြောင့် တိုင်းပြည်ရဲ့စီးပွားရေးကလည်း တိုးတက်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စတော့ဈေးကွက် စဖို့အတွက်က လုပ်နေတာတော့ရှိတယ် အကောင်အထည်ပေါ်ဖို့ကတော့ လုပ်စရာတွေကရှိသေး တာပေါ့” ဟု ပြောသည်။

ထို့အပြင် ရှယ်ယာဝယ်ယူလိုသူများအတွက် ရှယ်ယာရောင်းချမည့် ကုမ္ပဏီများ၏ စီမံခန့်ခွဲမှုအပိုင်းနှင့် လုပ်ငန်း လည်ပတ်မှု အပိုင်းအား ရှင်းလင်းတိကျစွာ သိနိုင်ရန်ချပြရမည်ဖြစ်ရာ ကြိုတင်ဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ကျော်လှိုင်က“ အဓိကကတော့ ပြည်တွင်းမှာ စတော့ရှယ်ယာဈေးကွက် အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့လိုတယ်။ အခုပြည်တွင်းမှာ ဖြစ်နေတာက အများပိုင်ကုမ္ပဏီ တစ်ခုက ရှယ်ယာတွေရောင်းတော့မယ်ဆိုရင် ၀ယ်ဖို့ပြင်နေတဲ့သူတွေက အများကြီး။ ရှယ်ယာရောင်း တယ်ဆိုတာက ကုမ္ပဏီအမြတ်ငွေ ကျနေတယ်ဆိုတာသိလို့ ရောင်းတဲ့သူလည်းရှိတယ် ဒါကိုဝယ်သူ တွေက သိနိုင်ဖို့လိုတယ်။ အရေးကြီးတာက ရှယ်ယာတွေရောင်းပြီးရင် တစ်ဦးတည်းပိုင်ဆိုတဲ့ စိတ်ဓာတ် ကိုပြောင်းပစ်နိုင်ဖို့လိုတယ်” ဟုပြောသည်။

ကမ္ဘာ့စတော့ဈေးကွက်ကြီးများ ဖြစ်သော နယူးယောက်၊ လန်ဒန်နှင့် စင်ကာပူ စသော စတော့ဈေးကွက်ကြီးများတွင် စတော့ဈေးကွက်၏ သမာသမတ်ကျမှုများအား စည်းမျဉ်းထိန်းချုပ်သည့်အဖွဲ့အစည်း (Re- gulatory body) များက သာ ထိန်းညှိပေးခြင်းဖြစ်ကာ ယင်းအဖွဲ့အစည်းများလိုမည်ဖြစ်ကြောင်း ယင်းတို့က ဆိုသည်။

လက်ရှိအချိန်တွင် စတော့ဈေးကွက် စတင်နိုင်ရန်အတွက် ဂျပန်နိုင်ငံ တိုကျို စတော့အိတ်ချိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နေလျက်ရှိကာ ရှယ်ယာရောင်းဝယ်ခြင်းလုပ်ကိုင်နိုင်သည့် ပုဂ္ဂလိကအများပိုင် ကုမ္ပဏီ အရေအတွက်မှာ လည်း ၆၈ ခုအထိ ရှိနေပြီ ဖြစ်သည်။

ထို့အပြင် စတော့ဈေးကွက်အဖြစ်ထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေရာဟောင်းဖြစ်သော လက်ရှိ မြ၀တီ ဘဏ်ရုံးချုပ် နေရာတွင် ဆောင်ရွက်ရန်ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

No comments: