Thursday, September 26, 2013

ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း အာဆီယံစာချုပ် စာတမ်း (မူကြမ်း) ၂၀၁၄ တွင် အတည်ပြုနိုင်ရန် ဆွေးနွေးမည်

အေးမြင့်စန်း

ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ စာချုပ်စာတမ်း (မူကြမ်း)ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ရေးဆွဲနေရာ ယင်းမူကြမ်းကို မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ၂၀၁၄ ခုနှစ်အတွင်း အတည်ပြုနိုင်ရန် ကျန်နိုင်ငံများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။

ညွှန်ကြားရေးမှုးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းမှာ ရန်ကုန်မြို့ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့်
မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ စာချုပ်စာတမ်း (မူကြမ်း) ရေးဆွဲရေးအဖွဲ့၏ ကိုးကြိမ်မြောက် အစည်းအဝေးတွင်ဖြစ်ပြီး ယင်းအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ဦးမျိုးအောင်က “တစ်နိုင်ငံနဲ့တစ်နိုင်ငံ သူ့နိုင်ငံအကျိုးစီးပွားတွေ မလျော့အောင် အခွင့်အရေးပေး ရမယ်လို့ဆွေးနွေးတာမျိုး ရှိနေတယ်။ ညှိလို့ မရဘူး။ အပြန်အလှန် ဖြစ်တော့ မူကြမ်းအဖြစ်နဲ့ ဇာတ်မျောနေတာ၊ ၂၀၁၄ ခုနှစ်မှာ အမြန်အတည်ပြုနိုင်အောင် အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးသွားမယ်” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်း နှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ စာချုပ်စာတမ်းသည် ၂၀၁၅ ခုနှစ်၊ အာဆီယံ အသိုက်အဝန်း တည်ထောင်ရေးအတွက် အရေးပါသည့် စာချုပ်စာတမ်း ဖြစ်သည်။

ယင်းစာချုပ်စာတမ်းထွက်ပေါ်လာပါက အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်း နိုင်ငံများတွင် သာမက နိုင်ငံတကာသို့ ရွှေ့ပြောင်းလုပ်ကိုင်ရာတွင် အဆိုပါ နိုင်ငံများ၏ ဥပဒေများ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခံစားခွင့်များ ရရှိလာမည် ဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ စာချုပ်စာတမ်း (မူကြမ်း)အစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းစာချုပ်စာတမ်းကြီး အမြန်ဆုံးအတည်ပြုနိုင်ရန် မြန်မာအစိုးရဘက်က တိုက်တွန်းသွားမည်ဟုလည်း ဦးမျိုးအောင်က ဆိုသည်။

အဆိုပါ စာချုပ်စာတမ်း(မူကြမ်း)တွင် အလုပ်သမား လက်ခံသည့်နိုင်ငံများ လိုက်နာရမည့် အချက်များ၊ အာဆီယံဒေသတွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို ဥပေဒများနှင့်အညီ ကာကွယ်ပေးရန်နှင့် ရွှေ့ပြောင်း လုပ်သားများ၏ မိသားစုများအတွက် အခွင့်အရေးများလည်း ပါဝင်မည်ဖြစ်သည်။

အာဆီယံနိုင်ငံများတွင် တရားဝင် အထောက်အထားများနှင့် လုပ်ကိုင်နေသူ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်သိန်းကျော် ရှိနေပြီး စက်တင်ဘာလအထိ ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထား ဆောင်ရွက်ပေးရန် အချက်အလက်တင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၇ သန်း ရှိနေသည်ဟု ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တရားဝင်ရွှေ့ပြောင်း လုပ်သား၂၁၄ သန်း ရှိနေရာ ၂၀၅၀ ခုနှစ်တွင် သန်း ၄၀ဝ အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်းလည်း ဝန်ကြီးဌာနမှ သိရသည်။

အကြိမ်(၄၀)မြောက် အာဆီယံဝန်ကြီး အဆင့်အစည်းအဝေးတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်ရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကော်မတီ ဖွဲ့စည်းရန် သဘောတူခဲ့ကြပြီး အဆိုပါကော်မတီ အောက်တွင် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံစာချုပ်စာတမ်း (မူကြမ်း)ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းထားရှိသည်။

No comments: