Tuesday, September 17, 2013

ပေါက်တော- မင်းပြား ကားလမ်းပေါ်မှ တံတား (၂) စင်းကြောင့် ရေကြောင်းသွားလာရေး ထိခိုက်နိုင်

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောနှင့် မင်းပြား ကားလမ်းပေါ်တွင် တည်ဆောက် နေသော တံတား (၂) စင်းကြောင့် ရေလမ်းကို အဓိက အားကိုး မှီခိုနေကြရသော ဒေသခံ လူထု အနေဖြင့် သွားလာရေး ထိခိုက်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက နိရဉ္စရာသို့ သတင်း ပေးပို့သည်။

ယခုကဲ့သို့ ဒေသခံ လူထု စိုးရိမ်နေကြခြင်းမှာ ပေါက်တော- မင်းပြား ကားလမ်းပေါ်တွင် တည်ဆောက်နေသော စွန်ရဲ တံတားနှင့် ဆင်ခုံတိုင် (လက်မညှာ) တံတားများမှာ ဒီရေ တက်ချိန်တွင် မော်တော်ဘုတ်များ သွားလာ၍ ရနိုင်သည် အထိ အမြင့် မရှိ၍ ဖြစ်ကြောင်း ဖေါ်ပြသည်။

ယခု တံတား အမြင့်မှာ ဒီရေတက်ချိန် ရေမျက်နာပြင်မှ ၉ ပေသာ အမြင့် ထားရှိပြီး တည်ဆောက်ရန် စီစဉ်နေသဖြင့် ဒီရေ တက်ချိန်တွင် သာမန် မော်တော်ဘုတ်များ အနေဖြင့် တံတားအောက်မှ ဖြတ်သန်းသွားလာ၍ မရနိုင်ဟု ဒေသခံများက ဆိုသည်။

အထူးသဖြင့် လပြည့်၊ လကွယ် ဒီရေ အတက်များသော အချိန်တွင် အထူး အခက်အခဲတွေ့နိုင်သည်ဟု သူတို့က ပြောဆိုသည်။

သို့အတွက်ကြောင့် ဒေသခံများက တံတားကို ရေမျက်နာပြင်ထက် (၁၅) ပေထိမြင့်ပေးရန် တောင်းဆိုသော်လည်း ဆောက်လုပ်ရေး ကုမ္ပဏီက မလိုက်နာဘဲ အမြင့် ၉ ပေသာ ထားရှိမည်ဟု ဆိုကာ တံတားကို ဆက်လက် ဆောက်လုပ်နေသည်ဟု ဆိုသည်။

ပေါက်တောမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက အမြင့် ၉ ပေဖြင့် ဒီရေ (ဖြားရေ) တက်စဉ် မော်တော်ဘုတ်များ၊ စက်လှေများ သွားလာနိုင်မည် မဟုတ်ကြောင်း ပြောဆိုသည်။

သို့အတွက် ပါတီတာဝန် ရှိသူများက တံတားတည်ဆောက်ရာသို့ ကွင်းဆင်း စစ်ဆေးပြီး တံတားအမြင့်ကို တိုးပြီး တည်ဆောက်ရန် ပြောကြားသော်လည်း ကုမ္ပဏီမှ ငွေကြေး ပိုကုန်ကျမည်ကို စိုးရိမ်ကာ နဂို ရာတားချက် အတိုင်း ၉ ပေ အမြင့်ဖြင့် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသ တစ်ခုနှစ် တစ်ခုအကြား၊ ရွာ တစ်ရွာနှင့် တစ်ရွာ အကြား ရေလမ်းကြောင်းကိုသာ အဓိက အားကိုးပြီး သွားလာနေကြရသဖြင့် မြစ်ချောင်းများကို ဖြတ်သန်း ဖေါက်လုပ်သော တံတားများကို မော်တော်ဘုတ်များ၊ စက်လှေများ၊ လှေသဗ္ဗာန်ကြီးများ ၀င်ထွက်သွားလာနိုင်အောင် အမြင့်ထားပြီး တည်ဆောက်သွားသင့်ကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုတံတားနှစ်စင်း တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများ မော်တော် စက်လှေများနှင့် အချိန် မရွှေး အလွယ်တကူ အဆင်ပြေ သွားလာနိုင်ရန် အတွက် ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် မှ သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ပြ ပြောဆိုသွားရန် စီစဉ်နေသည်ဟုလည်း သတင်း ရရှိသည်။

ယခု ဖေါက်လုပ်နေသော မင်းပြား- ပေါက်တောလမ်းသည် ရန်ကုန်- စစ်တွေ လမ်းမကြီးနှင့် တိုက်ရိုက် ဆက်သွယ်မည့် လမ်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပြီးစီးနိုင်ကြောင်း သိရသည်။

No comments: