Friday, September 27, 2013

မြန်မာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ The Elders အဖွဲ့တိုက်တွန်း

ABC

အမေရိကန်သမ္မတဟောင်း ​ဂျင်မီကာတာ ​ဦးဆောင်တဲ့ ​The ​Elders ​အဖွဲ့က ​မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေး ​ပဋိပက္ခတွေ ​အဆုံးသတ်ဖို့ ​တိုက်တွန်းလိုက်ပါတယ်။

The ​Elders ​အဖွဲ့ရဲ့ ​သုံးရက်ကြာ ​မြန်မာနိုင်ငံခရီးစဉ်အတွင်း ​မြန်မာနိုင်ငံ ​သမ္မတ ​အပါအဝင်၊ ​ဘာသာရေးခေါင်းဆောင်တွေ၊ ​လူမှုအဖွဲ့အစည်းတွေနဲ့ ​တွေ့ဆုံမှု ​လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​လွှတ်လပ်စွာ ​ဘာသာကိုးကွယ်မှု ​အခွင့်အရေးရှိကြောင်းကို ​လက်ခံပြီး ​ပဋိပက္ခတွေ ​အဆုံးသတ်ဖို့ ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

The ​Elders ​အဖွဲ့ ​ဒုဥက္ကဌဖြစ်သူ ​နော်ဝေနိုင်ငံဝန်ကြီးချုပ်ဟောင်းက ​မြန်မာနိုင်ငံက ​ဘာသာရေး ​အစွန်းရောက်သမားတချို့တွေရဲ့ ​အမြင်တွေကို ​တိုက်ဖျက်ဖို့ ​နှစ်ပေါင်း ​ဆယ်နဲ့ချီ ​ကြာမြှင့်နိုင်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​အဓိပ္ပာယ်မဲ့ပြီး ​ဖျက်ဆီးမှုတွေ၊ ​ကြမ်းတမ်းမှုတွေ ​ပါဝင်တဲ့ ​ပဋိပက္ခတွေအပေါ် ​ဘယ်သူကမှ ​မျက်ကွယ်မပြုနိုင်ဘူးလို့လည်း ​ပြောခဲ့ပါတယ်။

အဲ့ဒါ့အပြင် ​မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ​တိုင်းရင်းသားလက်နက်ကိုင် ​ပြဿနာကိုလည်း ​ဖြေရှင်းဖို့နဲ့ ​ကျန်ရှိနေတဲ့ ​နိုင်ငံရေးအကျဉ်းသား ​အားလုံးကို ​လွှတ်ပေးဖို့လည်း ​The ​Elders ​အဖွဲ့က ​တောင်းဆိုလိုက်ပါတယ်။

The ​Elders ​အဖွဲ့ဟာ ​သီးသန့်လွှတ်လပ်တဲ့အဖွဲ့ဖြစ်ပြီး ​ကမ္ဘာ့အထင်ကရ ​ပုဂ္ဂိုလ်တွေဖြစ်တဲ့ ​သမ္မတဟောင်းတွေ၊ ​ဝန်ကြီးချုပ်ဟောင်းတွေ၊ ​နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တွေ၊ ​ကုလသမဂ္ဂခေါင်းဆောင်ဟောင်းတွေနဲ့ ​ဖွဲ့စည်းထားတဲ့အဖွဲ့ ​ဖြစ်ပါတယ်။


The ​Elders ​ကိုယ်စားလှယ်အဖွဲ့နဲ့ ​ကချင်အဖွဲ့တွေ ​ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​ငြိမ်းချမ်းရေး ​နိုဘဲလ်ဆုရှင်ဖြစ်သူ ​အမေရိကန် ​သမ္မတဟောင်း ​ဂျင်မီကာတာ ​ဦးဆောင် ​လာတဲ့ ​The ​Elders ​ကိုယ်စားလှယ်အဖွဲ့ဟာ ​စက်တင်ဘာလ ​၂၆ ​ရက်နေ့က ​ကချင်အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ​တွေ့ဆုံခဲ့ပြီး ​ပြည်တွင်းငြိမ်းချမ်းရေး ​ကိစ္စတွေကို ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

The ​Elders ​ကိုယ်စားလှယ် ​အဖွဲ့အနေနဲ့ ​မြန်မာနိုင်ငံအတွင်း ​တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​လုပ်ဆောင်တဲ့အခါမှာ ​UN ​အပါအဝင် ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေက ​ပါဝင်လာအောင် ​တိုက်တွန်းပေးသွားမှာ ​ဖြစ်ပြီး ​အပစ်အခတ်ရပ်စဲရေးကိုလည်း ​အာမခံသွားမှာ ​ဖြစ်တယ်လို့ ​ပြောကြားခဲ့တဲ့အကြောင်း ​တွေ့ဆုံ ​ဆွေးနွေးခဲ့သူတစ်ဦးဖြစ်တဲ့ ​ကချင် ​ငြိမ်းချမ်းရေး ​ကွန်ယက်က ​မခွန်ဂျာက ​ယခုလို ​ပြောပါတယ်။

“သူတို့အနေနဲ့ကတော့ ​အဓိကကတော့ ​တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲမှု ​လုပ်တဲ့အခါမှာ ​UN ​ကလည်း ​ပါဝင်အောင်ပေါ့။ ​ပြီးရင် ​နိုင်ငံတကာ ​အစိုးရတို့ ​တစ်ခြားလူကြီးတွေလည်း ​ပါဝင်အောင် ​လုပ်ပြီး ​သကာလမှာ ​သူတို့ ​ဝိုင်းပြီး ​အာမခံပေးမယ်ဆိုတဲ့ ​သဘောပါပဲ။ ​ဒီလိုမျိုး ​ဘယ်သူမှ ​အာမမခံခဲ့တဲ့ ​အတွက်ကြောင့်မို့လို့ ​ဘယ်သူ့မှ ​မပါခဲ့တဲ့အတွက်ကြောင့် ​မို့လို့ ​ဒီစာချုပ်တွေကို ​ဖျတ်ရဲတယ်ပေါ့ ​အခုချိန်မှာတော့ ​သူတို့အားလုံးပါဝင်ရင်တော့ ​နောက်ထပ်မဖြတ်တော့ဘူးလို့ ​ယူဆတယ်ပေါ့”

ကချင် ​အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့ ​ကချင်ပြည်နယ်တွင်း ​စစ်ဖြစ်ပွားမှုကြောင့် ​ဖြစ်ပေါ်နေတဲ့ ​အခြေအနေတွေနဲ့ ​ဒုက္ခသည်တွေလိုအပ်ချက်တွေကို ​ပြောဆိုခဲ့တယ်လို့လည်း ​ဆိုပါတယ်။

အဲ့ဒါအပြင် ​သူတို့အနေနဲ့ ​ပြည်တွင်းငြိမ်းချမ်းရေး ​ကိစ္စရပ်တွေမှာ ​အပစ်အခတ်ရပ်စဲရေး ​အာမခံချက်အပြင် ​ပြည်သူလူထုအတွက် ​ဘဝရပ်တည်ရေး ​အာမခံချက်တွေနဲ့ ​အပစ်အခတ်ရပ်ပြီးတာနဲ့ ​အမှန်တကယ် ​နိုင်ငံရေး ​ဆွေးနွေးရမယ်ဆိုတဲ့ ​အာမခံချက်တွေ ​ရရှိဖို့ ​တင်ပြခဲ့တယ်လို့ ​မခွန်ဂျာက ​ဆက်ပြောပါတယ်။

The ​Elders ​အဖွဲ့ဟာ ​စက်တင်ဘာလ ​၂၄ ​ရက်နေ့က ​မြန်မာနိုင်ငံကို ​ရောက်ရှိလာတာဖြစ်ပြီး ​စက်တင်ဘာလ ​၂၅ ​ရက်နေ့က ​နေပြည်တော်မှာ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​တွေ့ဆုံခဲ့သလို ​အစိုးရ ​အကြီးတန်း ​အရာရှိတွေနဲ့လည်း ​တွေ့ဆုံခဲ့ပါတယ်။

တဆက်တည်းမှာပဲ ​လာမယ့် ​စက်တင်ဘာလ ​၂၈ ​ရက်နေ့ကျရင် ​ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီနဲ့ ​အပစ်အခတ်ရပ်စဲ ​ထားတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​၄ ​ဖွဲ့တို့တွေ့ဆုံမှာ ​ဖြစ်ပြီး ​အောက်တိုဘာလအတွင်းမှာ ​ပြုလုပ်မယ့် ​တစ်နိုင်ငံလုံး ​အတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီမှုကိစ္စတွေကိုဆွေးနွေးကြမှာ ​ဖြစ်တဲ့အကြောင်း ​ ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှကနေ ​သတင်းပေးပို့ခဲ့ပါတယ်

No comments: