Friday, September 13, 2013

ပြည်ပနိုင်ငံအများအပြားနှင့် Roaming ချိတ်ဆက်ရန် Orange နှင့် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ပြီး ဆီးဂိမ်းမတိုင်မီ စမည်

ချိုကို

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံအများအပြားသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်မည့် Inbound Roaming စနစ်ကို ဆီးဂိမ်း မတိုင်မီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစနစ်ကို ပြင်သစ်နိုင်ငံအခြေစိုက် Orange ကုမ္ပဏီနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Orange International Carriers မှ အမှုဆောင်အရာရှိချုပ် Mr. Alexandre Pebereau က စက်တင်ဘာ ၁၀ ရက်က ပြောသည်။

၎င်းက နေပြည်တော် MICC ခန်းမတွင် ကျင်းပနေသော Myanmar Connect 2013 ဖိုရမ်တွင် ယင်းသို့ ပြောကြားခြင်းဖြစ်ပြီး Roaming စနစ်ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံအများအပြားနှင့် ချိတ်ဆက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

Mr.Alexandre Pebereau က “ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ Roaming ပရောဂျက်ကိုလုပ်ဖို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ သဘောတူညီချက်ရရှိပြီးပါပြီ။ ကမ္ဘာပေါ်မှာ လုပ်ကိုင်နေတဲ့ အော်ပရေတာတွေနဲ့ ချိတ်ဆက်ဖို့ဆောင်ရွက်သွားပါမယ်။ အရှေ့တောင် အာရှအားကစားပြိုင်ပွဲမတိုင်ခင် ကမ္ဘာ့နိုင်ငံ အများအပြားနဲ့ ချိတ်ဆက်နိုင်ဖို့ လုပ်သွားပါမယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ အော်ပရေတာပေါင်း ၄၄ ခု နှင့် Roaming စနစ် ချိတ်ဆက်ထားလျက်ရှိပြီး ထပ်မံ၍ နိုင်ငံအများအပြားနှင့်ချိတ်ဆက်နိုင်ရန် လုပ်ဆောင်သွားရမည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် Orange Hub ကို အသုံးပြု၍ ပြင်သစ်၊ ဆွစ်ဇာလန်၊ စပိန် စသည့် နိုင်ငံများနှင့်ပါ Roaming ချိတ်ဆက်မှုများ ပြုလုပ်ထားသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက “Orange နဲ့ချိတ်ဆက်ပြီးတော့ နိုင်ငံ တကာနဲ့ Roaming ချိတ်ဆက်မှုလုပ်ဖို့တော့ သဘောတူညှိနှိုင်းနေတာရှိတယ်။တရားဝင်စာချုပ်, ချုပ်ဆိုထား တာတော့ မလုပ်ရသေးပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

Roaming စနစ် ချိတ်ဆက်ရာတွင် Bilateral နည်းနှင့် ကြားခံ Roaming Hub စနစ်များဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ Roaming Hub နည်းဖြင့် အပြန်အလှန်ချိတ်ဆက်ထားသော နိုင်ငံများမှာကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်သည်။ ထို့ပြင်Roaming ကဘ ချိတ်ဆက်မှုဖြင့် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် သီရိလင်္ကာနိုင်ငံတို့ဖြင့် ချိတ်ဆက်ထားသည်။

Orange ကုမ္ပဏီအနေဖြင့် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းအော်ပရေတာအဖြစ် ၀င်ရောက် လုပ်ကိုင်ရန်လျှောက်ထား ရာတွင် ဆက်သွယ်ရေးလုပ်ပိုင်ခွင့်လိုင်စင်ကိုအရန်အဖြစ် ရရှိထားသောကုမ္ပဏီဖြစ်သည်။

ဆက်သွယ်ရေးလုပ်ငန်းနှင့် Roaming စနစ်အပြင် အခြားစနစ်များတွင်ပါ ပူးပေါင်းလုပ်ဆောင်ရန် ကြိုးစားသွား မည်ဟု Orange က ပြောသည်။

No comments: