Monday, September 9, 2013

တဖက်သတ် ဖြစ်လာနေသော UNFC နှင့် ၀န်ကြီး ဦးအောင်မင်းတို့၏ အကြို ညှိနှိုင်းပွဲ

ဖြူဖြူကို

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) သည်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုက္ကဌ ၀န်ကြီး ဦးအောင်မင်း တို့နှင့် ဒုတိယ အကြိမ် အကြို ညှိနှိုင်းပွဲ အတွက် ယနေ့ နံက် (၉) နာရီတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ၌ တနေ့တာ ကျင်းပ ပြီးစီး ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ပဒို မန်းမန်းက ဆိုပါသည်။

“ ကျနော်တို့ ဖက်က ကျနော်တို့ မူဘောင်ကို တင်ပြတယ်။ သူတို့ဖက်က သူတို့ လမ်းပြမူကို တင်ပြ ပါတယ်။ အပြန်အလှန် ရှင်းပြ ကြပြီးတော့ နှစ်ဖက် စလုံးက အထက်ကို တင်ပြပြီးတော့ နောက်ထပ် တွေ့ဆုံဖို့ဘဲ ဆုံးဖြတ်ပါတယ်” ဟု ဆိုပါသည်။

UNFC သည် ၄င်းတို့၏ မူဘောင် (၆) ချက် လမ်းပြ မြေပုံ (Road map) ကိစ္စနှင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပ ခဲ့သည့် တိုင်းရင်း ညီလာခံမှ ဆုံးဖြတ် ခဲ့သော ရလဒ်များကို တင်ပြ ခဲ့သည်ဟု ဆိုပါသည်။ ၀န်ကြီး ဦးအောင်မင်းတို့ ဖက်ကမူ တပြည်လုံး အတိုင်းအတာ ဆောင်သည့် အလုံးစုံ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို လာမည့် အောက်တိုဘာလ၌ ကျင်းပနိုင်ရန် စီစဉ် ထားသည့် အတွက် UNFC အဖွဲ့ဝင် များအား တက်ရောက်ရန် ဖိတ်ကြား ထားပါသည်။ ဤသို့သော အစီအစဉ်များ ပြီးစီးပါက လာမည့် နိုဝင်ဘာလတွင် နိုင်ငံရေး ဆွေးနွေးမှု Frame work မူဘောင် ကို ဆွေးနွေးသွားရန် စီစဉ် ထားကြောင်း တင်ပြခဲ့ပါသည်။

UNFC သည် အစိုးရ၏ အလုံးစုံ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ မကျင်းပမှီ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ဦးစွာ ထုတ်ပြန် ကြေငြာပေးရန် တောင်းဆို ထားပါသည်။ UNFC အဖွဲ့ဝင်များသည် ပြည်နယ် အဆင့်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးသား ဖြစ်ပါသည်။ ဤသို့ကြောင့် UNFC အနေနှင့် ဘာကြောင့် ဒုတိယ အကြိမ် ထပ်မံ လက် မှတ် ထိုးရမည်ကို သဲကွဲအောင် မေးမြန်း ခဲ့သော်လည်း ၀န်းကြီးဖက်မှ ရှင်းလင်းစွာ ဖြေကြား နိုင်ခဲ့ခြင်း မရှိဟု ဆိုပါသည်။

သို့သော် ၀န်ကြီးသည် အစိုးရ၏ လမ်းပြပုံကို လက်မခံ ခဲ့ပါက လက်ခံ သူများနှင့် ဦးစွာ အကောင်အထည် ဖေါ်သွားမည် ဖြစ်ကြောင်း ၊ ယခု လက်မခံ သေးသူများသည် နောင်လက်ခံသည့် အခါကျမှ လက်မှတ် ရေးထိုးနိုင်ရန် လက်မှတ် ထိုးရန် စာအုပ် ပြုလုပ် ထားပေးမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

UNFC သည် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို သံသယ ဖြစ်နေကြကြောင်း ဆိုပါသည်။ အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသည်ဟု ဆိုသော်လည်း တပ်ပိုင်း ဆိုင်ရာ နေရာ ချထားမှုနှင့် နယ်မြေ အပိုင်းအခြား သတ်မှတ်မှု မရှိသည့် အပြင် အစိုးရ တပ်များက တမင် တိုက်ခိုက် နေမှုကြောင့် သံသယ ဖြစ်နေကြခြင်း ဖြစ်သည်ဟု ပဒိုမန်းမန်းက ဆိုပါသည်။

အစိုးရ ကိုယ်စားလှယ် များကမူ ၄င်းတို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဆင့်နှစ်ဆင့် သတ်မှတ် ထားကြောင်း၊ ၄င်းတို့မှာ အပစ်အခတ် ရပ်စဲရေးကို ဦးစွာ လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် Frame work ကို ညှိသွားရ မည်ဟု ဆိုထားပါသည်။

ယခု ကျင်းပ ခဲ့သော UNFC နှင့် အစိုးရ ကိုယ်စားလှယ်တို့၏ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ဒုတိယ အကြိမ် အကြို ညှိနှိုင်း ပွဲသည် UNFC ၏ တင်ပြ ချက်များကို အစိုးရ ဖက်မှ အရေးတယူ လာရောက် ညှိနှိုင်းခြင်း ဆိုသည့် ပုံစံမျိုးထက် အစိုးရဖက်မှ ၄င်းတို့ ချပြ လိုသော လမ်းပြမြေပုံကို လာရောက် ရှင်းလင်း တင်ပြသည့် ပွဲမျိုးသာ ဖြစ်နေသည်ဟု ပဒိုမန်းမန်းက ဆိုပါ သည်။


ထို့အပြင် အစိုးရ ချပြသော လမ်းပြမြေပုံသည် UNFC အား လာရောက် ဖိအားပေး သွားခြင်းမျိုး ဖြစ်နေကြောင်း၊ ရက်ချိန်း တိတိကျကျ လာရောက်ချပြပြီး၊ မလိုက်နာပါက လက်ခံ လိုက်နာသော အဖွဲ့များနှင့် စတင် သွားမည် ဖြစ်ကြောင်း ပြောဆိုမှုသည် အစိုးရ ကိုယ်စားလှယ် ဖက်မှ တဖက်သတ် လာရောက် ဖိအားပေးရာ ရောက်နေသည်ဟု UNFC အကြီးတန်း အရာရှိ တဦးက ဆိုပါသည်။

ဤအချက်သည် ကရင် အမျိုးသား အစည်းအရုံး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ နှင့် အင်အား နည်းသော အချို့ တိုင်းရင်းသား အဖွဲ့များအား ရည်ညွှန်း နေဖွယ် ရှိပြီး ၄င်းအဖွဲ့များနှင့် သဘောတူ ထားပြီးသား အခြေအနေ ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ ဤသို့ကြောင့် ဤသည် UNFC နှင့် WGEC ၏ မတူညီသော သဘောထားကို ရည်ညွှန်း ထားခြင်းသာ ဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေး သမား တဦးက ဆိုပါသည်။

ဝန်ကြီး ဦးအောင်မင်းတို့၏ ဒုတိယ အကြိမ် အကြို ညှိနှိုင်းပွဲမှ ရရှိသော သဘော ထားသည် UNFC အဖွဲ့တွင်း ပဋိပက္ခများ ဖြစ်ပွားလာနိုင်ဖွယ်ရာ အလားအလာများ ရှိနေပါသည်။ ဤကဲ့သို့ UNFC အဖွဲ့တွင်း အမြင် သဘောထားများ အမှန်ပင် ကွဲပြား ခြားနား လာပါက အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လမ်းစဉ်သည် ဒုတိယ အကြိမ် အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုရ မည်ဖြစ်သည်။ ပထမ အကြိမ် အောင်မြင်မှုသည် တိုင်းရင်းသား တပ်များ ထဲမှ နယ်ခြား စောင့်တပ် (BGF) တပ်များ အဖြစ် ကွဲထွက် သွားခြင်း ဖြစ်သွား ခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်သော UNFC ကိုယ်စားလှယ်များမှာ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်ပြီး ဒေါက်တာ လဂျာ၊ နော်စီဖိုးရာစိန် အပါအ၀င် ကိုယ်စားလှယ် (၁၂) ဦး တက်ရောက် ခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ် များမှာ အမျိုးသား လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ဒုတိရှေ့နေချုပ် ဦးထွန်းထွန်း ဦး အပါအ၀င် ကိုယ်စားလှယ် (၉) ဦး တက်ရောက် ခဲ့ပါသည်။


ဤကဲ့သို့ အပြန်အလှန် တင်ပြ ခဲ့ပြီးနောက် UNFC နှင့် အစိုးရတို့သည် နောက်တကြိမ် ထပ်မံ တွေ့ဆုံရန် သဘော တူခဲ့ကြ သော်လည်း နေ့ရက်ကို သဘော တူခြင်း မရှိပေ။

No comments: