ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
မေခလာနှင့်မေဆွိတို့နှစ်ဦး သီဆိုဖျော်ဖြေမည့် "Two Ladies Show" ဖျော်ဖြေပွဲမှရရှိသော အမြတ်ငွေများ အားလုံးကို ပရဟိတလုပ်ငန်းများနှင့် ဆီးဂိမ်းအားကစားသမားများအား ပြန်လည်လှူဒါန်းသွားမည် ဖြစ်ကြောင်း အဆိုတော်မေခလာက မဇ္ဈိမသို့ ပြောကြားသည်။
အဆိုပါဖျော်ဖြေပွဲကို အောက်တိုဘာ ၁၁ ရက်ည ၇ နာရီတွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ပြီး ၎င်းပွဲသည် (၂၇)ကြိမ်မြောက်ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင်ကစားသမားများအား အနုပညာနှင့် တတ်စွမ်းသမျှပါဝင်ကူညီနိုင်ရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်။
“ချစ်ငယ်တို့ ဒီပွဲကိုဖျော်ဖြေဖို့ လွန်ခဲ့တဲ့ခြောက်လလောက်က စီစဉ်ခဲ့တာပါ။ ချစ်ငယ်နဲ့မဆွေက အရင်ကတည်းက နယ်ရှိုးတွေမှာ အတူတူဖျော်ဖြေခဲ့ဖူးပါတယ်။ အဲဒီကတည်းက အခုလိုမျိုး နှစ်ယောက်တည်းရှိုးပွဲ လုပ်ဖို့ ပြောခဲ့ တာ။ အခုတော့ တကယ်ဖြစ်လာခဲ့ပြီ။ ဒီပွဲကျင်းပတဲ့ တီးဝိုင်း၊ စက်ပစ္စည်း စတာတွေကို ချစ်ငယ်တို့ဘက်က အကုန် ကျခံပြီးရလာတဲ့ အကျိုးအမြတ်တွေကို ပြန်ပြီးလှူမှာပါ။ ဆီးဂိမ်းပါဝင်တဲ့ ကစားသမားတွေရယ်၊ ပုလဲမြို့သစ်မှာ ရှိတဲ့ ပညာမြေကျောင်းရယ်ကို လှူဖို့ရည်ရွယ်ထားပါတယ်”ဟု မေခလာက ဆိုသည်။
ယင်းဖျော်ဖြေပွဲကို အစီအစဉ်လေးပိုင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ပထမပိုင်းတင်ဆက်မှုတွင် မေခလာမှ တင်ဆက် မည်ဖြစ်ကာ ဒုတိယပိုင်းတွင် မေဆွိမှတစ်ကိုယ်တော်ဖျော်ဖြေမည်ဖြစ်သည်။ တတိယပိုင်း တင်ဆက်မှုတွင်မေခလာ၊ မေဆွိတို့နှင့်အတူ ဟဲလေး၊ မိုးမိုး၊ လင်းယံ၊ ရှိုင်းဝေယံ ရဲသွေးနောင်တို့က အတူဖျော်ဖြေရန် စီစဉ် ထားပြီး နောက်ဆုံးတင်ဆက်မှုကို ၎င်းတို့နှစ်ဦးတွဲဖက်သီဆိုသည့် သီချင်းများဖြင့် တင်ဆက်မည်ဖြစ်သည်။
“သီချင်းအားလုံးပေါင်း ၂၀ လောက်သီဆို ဖို့ စီစဉ်ထားပါတယ်။ နှစ်ဦးစလုံးရဲ့ ထင်ရှားတဲ့သီချင်းတွေကို တွဲပြီးဖျော်ဖြေမှာဖြစ်လို့ ရသတစ်မျိုးရရှိမှာပါ။ performance အစီအစဉ်တွေလည်း ထည့်ထားပါတယ်” ဟု မေဆွိက ဆိုသည်။
ယင်းပွဲကို Plus Three တီးဝိုင်းမှ တီးခတ်မည်ဖြစ်ပြီး ရန်ကျော်၊ မြကြာဖြူ (FASHION SHOP) တို့နှင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းကျင်းပ ရေးကော်မတီတို့က ကြီးမှူးကျင်းပခြင်းဖြစ်သည်။
မေခလာနှင့်မေဆွိတို့သည် ၁၉၈၃ ခုနှစ် ၀န်းကျင်ကထင်ရှားလာခဲ့သူများဖြစ်ကြပြီး အနုပညာအပြင် ၎င်းတို့နှစ်ဦး ၏ ကိုယ်ရေးကိစ္စများသည် ထိုစဉ်ကပရိသတ်များ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။
No comments:
Post a Comment