ဝိုင်းအောင် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၉ ရက် ၂၀၁၃
မကွေးတိုင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်မည်၊ အသစ်ရေးမည်နှင့် ပတ်သက်၍ လူထုဆန္ဒ ရယူမှုကို နိုဝင်ဘာလ အပြီးဆောင်ရွက်ရန် မကွေးတိုင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီခွဲများ ဖွဲ့စည်းလိုက်ကြောင်း လူထုဆန္ဒရယူရေး ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးကျော်က ပြောသည်။
ပြည်သူ့ဆန္ဒသဘောထား ရယူရေးအတွက် ဟောပြောပွဲများလုပ်နိုင်ရန် မကွေးတိုင်းရှိ NLD အလုပ်အမှုဆောင် အဖွဲ့နှင့် ခရိုင်ဥက္ကဋ္ဌများပါသော အဖွဲ့ဝင် ၁၄ ဦးတို့ကို ကော်မတီခွဲများ ထပ်မံဖွဲ့စည်းခြင်းကို အောက်တိုဘာလ ၇ ရက်က မကွေးတိုင်း မြင်သာရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန် NLD(ဗဟို)မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် (၁၂) ဦး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဗဟိုကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်းက မကွေးတိုင်းတွင် ဦးဆောင်ရှင်းလင်းပေးမည် ဖြစ်သည်။
“နိုင်ငံသားမှန်ရင် အခြေခံဥပဒေနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံသားလို့ ပြောလိုက်တာနဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် ကအစ သမ္မတအထိပေါ့ဗျာ။ အခြေခံဥပဒေကို ဝေဖန်လို့လည်း ရပါတယ်။ ကန့်ကွက်လို့လည်း ရပါတယ်။ အခြေခံ ဥပဒေမှာ ကိုယ့်ဆန္ဒ ထင်ဟပ်အောင် ကြိုးစားခွင့်လည်းရှိပါတယ်”ဟု ဦးနေမျိုးကျော်က မဇ္ဈိမသို့ ပြောသည်။
အခြေခံဥပဒေအား ပြင်ဆင်မည်(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲမည်ကို ပြည်သူ့ဆန္ဒရယူနိုင်ရန်NLD ပါတီဝင် များက အခြေခံဥပဒေအား ပြည်သူနားလည်ရန် ဦးစွာ လိုက်လံဟောပြောပေးမည်ဖြစ်ပြီး လူထုဆန္ဒရယူမှုကိုနိုဝင်ဘာလတွင် မကွေးတိုင်းရှိ မြို့နယ်၂၅ မြို့နယ်၌ အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်သူ့ဆန္ဒရယူရန်အတွက် အောက်တိုဘာလနှင့်နိုဝင်ဘာလနှစ်လအတွင်း ဆောင်ရွက်မည်ဖြစ်ပြီးNLD မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှ ခေါင်းဆောင် ခုနစ်ဦးက ပြည်နယ်နှင့်တိုင်း နှစ်ခုစီ တာဝန်ခွဲ ယူကာ လုပ်ဆောင်မည်ဟု ပြည်သူ့ဆန္ဒရယူရန် အခြေခံဥဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းကို တာဝန်ယူ ရှင်းလင်းမည့် ဦးကိုနီက မဇ္ဈိမကို ပြောခဲ့ဖူးသည်။
ထိုသို့ရရှိလာသော ပြည်သူ့ထံမှဆန္ဒ၊ သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာသုံးသပ်ရေးကော်မတီကို ဒီဇင်ဘာလ ၁ ရက် နောက်ဆုံးထားကာ တင်ပြမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
No comments:
Post a Comment