Sunday, October 27, 2013

ဆွေးနွေးချက် ၇ ချက်ကို အစည်းအဝေးမှတ်တမ်းအနေဖြင့် လက်မှတ်ရေးထိုးခဲ့ဟုဆို

ဆန်းဖြိုးထွန်း၊ ကယားထဲ

နှစ်ရက်တာ ကျင်းပပြုလုပ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအပြီး ဆွေးနွေးတင်ပြချက် (၇) ချက်ကို နှစ်ဖက် အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်းအနေဖြင့်သာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“ခါတိုင်းဆိုရင် ကျနော်တို့က agreement (သဘောတူညီမှု) လက်မှတ်ရေးထိုးလေ့ရှိတယ်။ ဒါပေမဲ့ agreement က လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လိုတယ်ဆိုတာ နှစ်ဖက်စလုံးက ဒီနေ့ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ မှတ်တမ်းအနေနဲ့ပဲ ကျနော်တို့ထိုးခဲ့ကြတယ်”
အစည်းအဝေးကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ၂၂ ရက်နေ့နှင့် ၂၃ရက်နေ့ နေ့လည်အထိ တံခါးပိတ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ တတိယအကြိမ် ပြည်ထောင်စုအဆင့် တံခါးပိတ်ဆွေးနွေးရခြင်းမှာ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ပြည်နယ်အဆင့်တွင် တကြိမ်၊ ပြည်ထောင်စုအဆင့်တွင် ၂ ကြိမ် ပြောဆိုဆွေးနွေးခဲ့ကြသည့် သဘောတူညီချက်တချို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း သဘောတူညီမှုများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် အချက်များ ကျန်ရှိနေသေးသည့်အပြင် စစ်ရေးနှင့်ပတ်သက်၍ တိကျခိုင်မာသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိခြင်းကြောင့် ယခုလို ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

KNPP ဘက်မှ တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ညှိနှိုင်းဆောင်ရွက် အဖြေရှာသွားမည်ဖြစ်ကြောင်းနှင့် ကယားပြည်နယ်အတွင်း စစ်တပ်အင်အားအနေအထား လျှော့ချမှုအခြေအနေပေါ် မူတည်ကြောင်း KNPP အတွင်းရေးမှူး(၂) ရွှေမျိုးသန့်က ပြောသည်။

“ကျနော်တို့ကတော့ ဘာပဲပြောပြောအများသဘောတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ဘုံသဘောတူညီချက်တရပ် ထွက်လာအောင် ကြိုးစားရပ်တည်သွားမယ် ဒီအပေါ်မှာ ဆွေးနွေးတိုင်ပင်ကြမယ်။ တဖွဲ့ချင်းနဲ့တဖွဲ့အခြေအနေပေါ် မတူညီပေမဲ့လို့ ကျနော်တို့ KNPP အနေနဲ့ ကိုယ့်တပ်ဖွဲ့အပေါ်မှာ ဒေသမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးအနေအထားတွေ စစ်အင်အားအနေအထားတွေ လျှော့ချမှု အပေါ်မှာလည်း အများကြီး မူတည်ပါတယ်”


တတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ အစည်ဝေးဆုံးဖြတ်ချက်များမှာ

၁။ (က)ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက်ပါ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) အား ပုဂ္ဂုလ်(၁၀)ဦးဖြင့် ဖွဲ့စည်းမှုကို နှစ်ဖက်သဘောတူ အတည်ပြုသည်။

(ခ)နိုင်ငံလုံးဆိုင်ရာ အပစ်ခက်ရက်စဲရေး (Nationwide Ceasefire Accord) ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကြီးသို့ ရောက်ရှိရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။

(ဂ)ပြည်သူလူထု တစ်ဦးချင်းဖြစ်စေ ၊အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ တိုင်ကြားလာသည့် တိုင်ကြားစာများအားလုံးကို လက်ခံအရေးယူဆောင်ရွက်ပေးရန် သဘောတူသည်။

၂။ မယ်စဲ့မှ ဘီပီ (၁၃)နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း လုံခြုံရေးအား ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) မှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။

၃။ Internally Displaced Person (IDP) များအတွက် Pilot Project ကိုပူးပေါင်းလုပ်ဆောင်ရန် သဘောတူသည်။ (နေရပ်ပြန်လာနေထိုင်လိုသူများ ၏သဘောထားဆန္ဒနှင့်အညီ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေးနှင့် ယင်းတို့၏လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးနိုင်မှုအပေါ် အခြေခံပြီး ရှားတောမြို့နယ်တွင် စတင်ဆောင်ရွက်ရန် သဘောတူသည်။

၎။ မြေမြုတ်မိုင်း ရှင်းလင်းရေး အတွက် Myamnar Mine Action Center ကအပြည်ပြည်ဆိုင်ရာ စံနှုန်းများအရ ရေးသားထားသည်နှင့်အညီ နှစ်ဖက်တာဝန်ရှိသူများမှ ပူတွဲဆောင်ရွက်သွားရန် သဘောတူသည်။

၅။ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက် စားဝတ်နေရေး ကိစ္စရပ်များကို ဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ညှိနှိုင်းကူညီဆောင်ရွက် ပေးရန်သဘောတူသည်။

၆။ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအား ငွေလုံးငွေရင်းဖြင့် စတင်ဆောင်ရွက်လျှက်ရှိရာ ကယားပြည်နယ်အတွင်းတွင်လည်း သက်မှတ်လျာထားချက်များ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် သဘောတူသည်။

၇။ အမှတ်(၁၄)တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းအနီး ဖရူဆိုမြို့နယ်အတွင်းရှိ ဒေါလောခူ ကျေးရွာ နှင့်လောခူးခူ ကျေး ရွာ (၂) ရွာ မီးရရှိရေးအား ကယားပြည်နယ် အစိုးရအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန နှင့်မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေး လက်ဒေသဖွံ့ ဖြိုးတိုးတတ်ရေး ၀န်ကြီးဌာနတို့ မှ ပေါင်းစပ်ညှိနှိုင်း၍ အထူးအစီစဉ်ဖြင့် ဆောင်ရွက်ပေးရန် သဘောတူသည်။

No comments: