သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ၂၄ နာရီ မီးလင်းရေးကော်မတီမှ လူထုအပေါ် မသမာ ပြုနေမှုကို ဖြေရှင်းပေးရန် လူထုမှလျှပ်စစ်မီး အလုံ အလောက် သုံးစွဲနိုင်ရေးအတွက် လွှတ်တော်ထံ တင်ပြ တောင်းဆိုထားသည်ဟု ဒေသခံ များပြောပြချက်အရ သိရသည်။
လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် မြို့ခံလူထုလျှပ်စစ်မီးရရှိရေးအတွက် နိုင်ငံတော်အစိုးရက ကျိုင်း တောင်း ရေအားလျှပ်စစ်စက်ရုံမှ ၆၆ ကေဗွီအေဓါတ်အား သွယ်တန်းပေးခဲ့ကြောင်း၊ ထိုအတွက်လည်း ထောက်/ကူငွေ ကျပ်သိန်း ၁၅၀၀ ကိုပါပေးကြောင်း၊ လျှပ်စစ်မီးရရေးလုပ်ငန်းလည်ပတ်ရန်အတွက် ၂၄ နာရီ မီးလင်းရေးကော်မတီ ကိုပါဖွဲ့စည်းပေးရာ ထိုကော်မတီက လူထုထံ ငွေကြေးမြောက်များစွာ ထပ်မံ ကောက်ယူနေသဖြင့် ၎င်းအားဖြေရှင်း အရေးယူပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဒေသခံ စိုင်းအောင်က ပြောသည်။
“တိုင်ကြေး မီးကြိုးကြေး ငွေတိုင်ခွက်ကြေးအတွက်ဆိုပြီး အဲဒီမီးလင်းရေးကော်မတီက တအိမ်ကို ပထမအကြိမ် ကျပ် ၅ သောင်း၊ နောက်တကြိမ်ကျပ် ၃ သောင်း ကောက်တယ်။ မီတာဘောက်စ်ကြေး၊ လျှောက်လွှာတင်ကြေး အတွက်မပါသေးဘူး” - ဟု ဆိုပါသည်။
မိုင်းကိုင်မြို့တွင် လျှပ်စစ်မီတာဘောက်စ်ရှိသည့်အိမ်ခြေ ၇၀၀ ကျော်ရှိကြောင်း၊ အသစ်လျှောက်ထားသူ အိမ်ထောင်စု ၂၀၀ ကျော်ရှိကြောင်း၊ အသစ်လျှောက်သူများထံမှလည်း လျှောက်လွှာကြေးအတွက် ဖေါင် တစောင်ကျပ် ၁၀၀၀ အား လျှပ်စစ်ရုံးက ကျပ် ၅၀၀၀ ရောင်းပေးကြောင်း၊ ပါဝါမီတပ်ခ (မီတာ ဘောက် ဝယ်ယူ ခမပါ) ကျပ် ၆ သောင်း ပေးရကြောင်း ပြောပါသည်။
“အခုက မီးအားလဲမပြည့်ဘူး။ ရပ်ရွာလူထုက ကိုယ့်ရပ်ကွက်မီးအားမပြည့်ရင် တခြားရပ်ကွက်ကိုသွား တဲ့ မီးကိုဖြတ်ယူတယ်။ ဖြတ်ပြစ်တယ်။ မီးပြဿနာကတော့ ပြောကို မပြောချင်ဘူး။ မြို့ပြင်ကို သွယ် တန်းတာလဲ မီးတိုင်အတွက် မီးကြိုးအတွက် ကောက်ယူမှုတွေအရမ်းများတယ်”- ဟု ဒေသခံ နန်းမွန်း က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်မီးရုံးမှ အမည်မဖေါ်လိုသူ ဝန်ထမ်းတဦးကမူ လူထုအပေါ် မတရားမှု မပြုလုပ် ခဲ့ကြောင်း၊ ခွင့်မပြုဘဲလျှပ်စစ်ဓါတ်အားဖြတ်ယူသုံးစွဲမှုဖြင့်သာ လူထုကို ပြန်လည် အရေးယူနိုင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သို့သော် မိုင်းကိုင်လူထု ၁၇၀ ကျော်က- ပွင့်လင်းမြင်သာသည့် ငွေစာရင်းရှင်းတမ်းအား ၂၄ နာရီ မီးလင်းရေးကော်မတီမှ ပြုလုပ်ပေးရန်၊ လူထုအပေါ် မသမာမှု ကျူးလွန်သည့် တာဝန်ရှိသူများအား အရေး ယူပေးရန် - သျှမ်းပြည်နယ်လွှတ်တော်၊ သျှမ်းပြည်နယ် လျှပ်စစ်စက်မှုဝန်ကြီးထံ စက်တင်ဘာ လက တိုင်ကြားထားကြောင်း၊ ဖြေရှင်းမှု မပြုသေးသည့်အတွက် နေပြည်တော် လွှတ်တော်ထံ ထပ်မံ တင်ပြ သွားမည့်အကြောင်း နန်းမွန်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ထို့အပြင် မိုင်းကိုင်မြို့ ၂၄ နာရီ မီးလင်းရေးကော်မတီ ဒု ဥက္ကဌကလည်း ကော်မတီအတွင်း ငွေကြေး ပြဿနာရှုပ်ထွေးနေချိန် အဆိုပါကော်မတီမှ နှုတ်ထွက်ကာ နန်းဦးပိမ် စေတီကုန်း မီးလင်းရေး ကော်မတီ ဥက္ကဌ အဖြစ် ပြောင်းရွှေ့ လုပ်ဆောင်နေကြောင်း - ဒေသခံများက ပြောပါသည်။
“၂၄ နာရီ မီးလင်းရေးကော်မတီမှာ ငွေကျပ် ၄၉.၅ သိန်း က စာရင်းပျောက်နေတယ်။ နန်းဦးပိမ် မီးလင်းရေးအတွက် ဝယ်ယူတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ဓါတ်တိုင်တွေ၊ မီးကြိုးတွေကလည်း ဘောင်ချာ အတုတွေပါတယ်လေ၊ ဒါတွေ အားလုံးဖြေရှင်းပေးစေချင်တယ်” - ဟု စိုင်းအိုက်လျဲန် ကပြောသည်။
မိုင်းကိုင်မြို့ ၂၄ နာရီ မီးလင်းရေးကော်မတီတွင် ဥက္ကဌ ဦးစိုးမြင့်၊ ဒုဥက္ကဌ စိုင်းလုံ၊ အတွင်းရေးမှူး စိုင်းမီ၊ ဘဏ္ဌာရေးမှူး စိုင်းစင်း၊ လျှပ်စစ်ရုံး ဦးဇော်ဝင်းအောင် တို့ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
No comments:
Post a Comment