ABC
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကျရင် ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အချိန်အတွင်း ပြည်သူတွေရဲ့ လူနေမှုစနစ်နဲ့ လိုအပ်ချက်တွေကိုပါ စာရင်း ကောက် ယူသွားမယ်လို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြောပါတယ်။
သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ရက်ကနေ ဧပြီလ (၁၀) ရက်နေ့အထိ ကောက်ခံဖို့ ရှိပါတယ်။
သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ လူဦးရေအပြင် နေထိုင်တဲ့ အိမ်အမျိုးအစား၊ သောက်သုံးရေနဲ့ လျှပ်စစ် မီးတွေ ရမရတဲ့အကြောင်း ဘယ်လို အိမ်သာမျိုးကို အသုံးပြုနေတဲ့အကြောင်းတွေကိုပါ မေးမြန်းပြီး စာရင်းပြုစုသွားမယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်း ကောက်ယူစဉ်အတွင်း မေးခွန်းပေါင်း ၄၁ ခုကို မေးမြန်းမှာ ဖြစ်ပြီး ရရှိတဲ့ အချက်အလက်ပေါ်မူတည်ပြီး ဘယ်ရွာမှာ စာသင်ကျောင်း ဘယ်နှစ်ကျောင်း ထားပေးရမယ်၊ ဆေးရုံတွေ ဆောက်ပေးသင့်မသင့်၊ ရေတွင်းရေကန်တွေ တူးပေးဖို့ လိုမလို စတာတွေကို ဆုံးဖြတ်နိုင်မှာဖြစ်တဲ့အတွက် အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြေပေးဖို့က အရေးကြီးတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြုစုမယ့် သန်းခေါင်စာရင်း အတွက် ကုလသမဂ္ဂကလည်း ကူညီပေးမှာ ဖြစ်ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။
သန်းခေါင်စာရင်း ကောက်ယူတဲ့ ကုန်ကျစရိတ်တွေ များလွန်းတဲ့အတွက် နိုင်ငံအတော်များများမှာ ဆယ်နှစ်တကြိမ် ပြုလုပ်ကြပြီး သြစတြေးလျနိုင်ငံမှာတော့ လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။

No comments:
Post a Comment