ခင်ရူပါ
လူသားမဆန် နှိမ့်ချခွဲခြားဆက်ဆံတဲ့ အကျင့်စရိုက်မျိုးတွေကို လက်သင့်မခံနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က UNAIDS သံတမန်အနေနဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရမှု လုံးဝမရှိရေး (zero discrimination campaign လှုံ့ဆော်မှုကို စတင် ဖော်ဆောင်လိုက်တာ ဖြစ်ပါတယ်။
“ခွဲခြားဆက်ဆံမှုအကြောင်းကို ပြောတဲ့အခါမှာ များသောအားဖြင့် ကျမတို့တွေဟာ ခွဲခြား ဆက်ဆံခံရသူတွေဘက်က သိပ်မတွေးတတ်ကြဘူး။ လူ့အသိုင်းအ၀ိုင်းထဲမှာ လူသာမန်တွေထက် နိမ့်ကျပြီး ဆက်ဆံခံရတဲ့အခါမှာ ဘယ်လို တွေ့ကြုံခံစားရသလဲ ဆိုတာ မစဉ်းစားမိရင် ဒါဟာ ခွဲခြားဆက်ဆံမှုပဲ။ ဒါဟာ ကမ္ဘာပေါ်မှာ တန်းတူ မထားခံရတာ၊ ဥပက္ခာပြု ခံရတာပဲ။ ဘယ်သူကမှတော့ ခွဲခြားပြီး နှိမ့်ချခံရဖို့ လူဖြစ်လာတာပါလို့ ကျမ မယူဆဘူး။ HIV/AIDSနဲ့ ပတ်သက်လာရင် ဒီလို အကျင့်စရိုက်မျိုးကို မလိုအပ်ဘူး။ ဒီလိုနားလည်ပေးနိုင်မှု မရှိတဲ့၊ လူသားမဆန် ရက်စက်တဲ့ ခွဲခြားဆက်ဆံမှု အကျင့်စရိုက်မျိုးတွေကို ကျမတို့ လူပတ်ဝန်းကျင်မှာ လက်သင့်ခံလို့ မရဘူး။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂရဲ့ အေအိုင်ဒီအက်စ် UNAIDS တိုက်ဖျက်ရေး နိုင်ငံတကာ သံတမန်အနေနဲ့ ၂၀၁၂ ခုနှစ်မှာ ခန့်အပ်ခံထားရတာ ဖြစ်ပါတယ်။
အဲဒီ လှုံ့ဆော်မှုမှာ ယူအန်အေအိုင်ဒီအက်စ်ရဲ့ မဟာဗျူဟာကျတဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး ဖြစ်ပြီး ၂၀၁၃ ခုနှစ် ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ရဲ့ အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “getting to zero” ကတော့ ကမ္ဘာမှာ HIV ပိုး ကူးစက်ခံရမှု လုံးဝမရှိဖို့နဲ့ အေအိုင်ဒီအက်စ်ရောဂါနဲ့ သေဆုံးမှု လုံးဝမရှိရေးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
ယူအန်အေအိုင်ဒီအက်စ် အလုပ်အမှုဆောင် ဒါရိုက်တာ မစ္စတာ မီရှယ်ဆီဒိုက်ဘ်ကတော့ ဒီကမ်ပိန်း လုပ်ဆောင်နိုင်ခြင်းဟာ ကမ္ဘာ့တ၀ှမ်းလုံးရဲ့ သွေးစည်းညီညွတ်မှုရလဒ်အဖြစ် အောင်ပွဲခံ ခဲ့ပါတယ်။
“ဒီနေ့ဟာ တကယ်တော့ အမှတ်တရနေ့တနေ့ပါ။ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ သေဆုံးသွားတဲ့ လူ ၃၈ သန်းကို သတိရရမယ့်နေ့လည်း ဖြစ်သလို ကျနော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်မှုရဲ့ အထိမ်းအမှတ်ပွဲလည်း ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်း သွေးစည်းညီညွတ်မှုရဲ့ ရလဒ်ကို အောင်ပွဲခံဖို့ပါ။ အနာဂတ်အတွက် ကျနော်တို့ရဲ့ ကတိက၀တ်တွေကိုလည်း အသစ် ထပ်မံ ပြုကြဖို့ ဖြစ်ပါတယ်။”
ယူအန်အေအိုင်ဒီအက်စ်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၁၂ ခုနှစ်အတွင်း အိတ်ခ်ျအိုင်ဗွီပိုး ရှိသူ လူဦးရေ ၃၅ ဒဿမ ၃ သန်းလောက် ရှိနေပြီး ရောဂါကူးစက် ပြန့်ပွားမှုတွေ စဖြစ်ကတည်းက တွက်မယ်ဆိုရင် ခန့်မှန်းခြေ လူဦးရေ ၇၅ သန်း နီးပါးလောက် ရှိနေပြီ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၄ ခုနှစ် ဇူလိုင်မှာ ပြုလုပ်မယ့် အကြိမ် ၂၀ မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ် ညီလာခံကို ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့မှာ ကျင်းပသွားဖို့ ရှိနေပြီး နိုင်ငံပေါင်း ၂၀၀ ကျော်က ကိုယ်စားလှယ် ၁ သောင်း ၈ ထောင်လောက် တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မဲလ်ဘုန်းမြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဩစတြေးလျနိုင်ငံ ခရီးစဉ်ကိုတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာ အဆုံးသတ်ပြီး မြန်မာပြည်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
No comments:
Post a Comment