Thursday, December 5, 2013

ဘုန်းကြီးကျောင်းဝင်းများအတွင်း တရားမ၀င် ထီရောင်းချနေမှု အရေးယူရန် မြို့တော်ဝန်ထံ တင်ပြ

ဖြိုး

မန္တလေးစည်ပင်နယ်နိမိတ်အတွင်းရှိ ဘုန်းကြီးကျောင်းဝင်းများတွင် တရားမ၀င်ထီရောင်းချမှုများ ပြုလုပ်နေ ခြင်းကြောင့် အရေးယူမှုပြုလုပ်ပေးရန် မန္တလေးမြို့တော်ဝန်ထံ တင်ပြထားသည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က မဇ္ဈိမကို ပြောသည်။

“သာသနာ့နယ်မြေ ဖြစ်တဲ့အတွက် လုပ်ငန်းလုပ်ခွင့်မရှိသလို လုပ်ငန်းလိုင်စင် ချထားပေးလို့လည်း မရဘူး။ တချို့ လုပ်ငန်းတွေက တရားဥပဒေနဲ့မညီတဲ့ နှစ်လုံး၊ သုံးလုံးတွေ လုပ်ကြတယ်။ ဒါတွေကို အရေးယူ ဆောင်ရွက်ဖို့ မြို့တော်ဝန်ကြီးဆီကို တင်ပြထားပါတယ်”ဟု ဦးစိုးတင့်အောင်က ပြောသည်။

မြို့တော်ဝန်မှတစ်ဆင့် မြို့နယ်သံဃမဟာနာယကအဖွဲ့သို့ အရေးယူဆောင်ရွက်ပေးရန် တင်ပြမည်ဖြစ်ပြီး အဆိုပါအဖွဲ့က စည်ပင်ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ပြီး လုပ်ငန်းပိတ်သိမ်းသည်အထိ အရေး ယူနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

အလားတူပင် မန္တလေးစည်ပင်နယ်နိမိတ် ခြောက်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းဝင်းများတွင် ဆိုင်ကယ် ကားဝပ်ရှော့၊ ၀ါးကတ်လုပ်ငန်း၊ ပုလင်းခွံ အိတ်ခွံလုပ်ငန်း စသည့်လုပ်ငန်းများ လုပ်ကိုင်နေသည့်ဆိုင်ပေါင်း ၁၁၇ ဆိုင်ကို အရေးယူ ဆောင်ရွက်ပေးရန် မြို့တော်ဝန်ထံသို့ သန့်ရှင်းရေးဌာနက နိုဝင်ဘာလကုန်ပိုင်းက တင်ပြခဲ့ပြီးဖြစ်သည်။

No comments: