Sunday, December 8, 2013

ဒေါ်အောင်ဆန်းစုကြည် ကာတာသို့ သွားမည်

အေးမြင့်စန်း

ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့အလယ်ပိုင်း ပထမဆုံးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့နယ်၌ ပြုလုပ်မည့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်ညီလာခံ တက်ရောက်ရန် ကာတာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက “အရှေ့အလယ်ပိုင်းနိုင်ငံကိုသွားတာ ပထမဆုံးပဲ၊ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်ညီလာခံကို သွားတက်မှာပါ” ဟု မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုရေးခွင့်ရှိသူ ဦးဖြိုးဇေယျာသော်ကလည်း “ကာတာနိုင်ငံကို သွား မယ့် ခရီးစဉ်ရှိတယ်ဆိုတာတော့ သေချာပါတယ်။ World Innovation Summit for Health (WISH) သွား တက်မှာပါ။ ဘယ်နေ့ သွားမယ်။ ဘယ်နေ့ ပြန်လာမယ်။ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာတော့ အသေးစိတ် သတင်းမထုတ်ပြန်သေးပါဘူး”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီ ထွင်ညီလာခံ (WISH)သည် ကမ္ဘာတ၀န်းတွင် တီထွင်ဆန်းသစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ၀န် ဆောင်မှု ပိုမိုပေးနိုင်ရန်နှင့် မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ အဆိုပါညီလာခံသို့ မူဝါဒချမှတ်သူ များ၊ ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များ စုစုပေါင်း ၇၀၀ လောက်ကို ဖိတ်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိတွင် သြစတြေးလျနိုင်ငံ သို့ သွားရောက်ခဲ့သေးသည်။

No comments: