Tuesday, December 3, 2013

ဒေါ်လာဈေး မြင့်တက်လာမှု သွင်းကုန်ပစ္စည်းဈေး မထိခိုက်ဟုဆို

သီဟကိုကို

တက်ရိပ်ပြလာသည့် ဒေါ်လာဈေးထပ်မံမြင့်တက်လာကပါက သွင်းကုန်ပစ္စည်းများ ဈေးမြင့်တက်လာနိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

တည်ငြိမ်နေသည့် ဒေါ်လာဈေးသည် နိုဝင်ဘာ ၁၈ ရက် ၀န်းကျင်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၆၈ ကျပ်၊ ၀ယ်ဈေး ၉၇၆ ကျပ်ရှိရာမှ တဖြည်းဖြည်းမြင့်တက်လာရာ ဒီဇင်ဘာ ၂ ရက် သိမ်ဖြူငွေလဲ ဈေးကွက်အရ တစ်ဒေါ်လာလျှင် ၉၇၆ - ၉၈၆ ကျပ်အထိ ၁၀ ဒေါ်လာခန့် ဈေးမြင့်တက်လာသည်။

ယခု ဒေါ်လာငွေလဲဈေးနှုန်းသည် ကျဈေးနှုန်းထားတစ်ခုဖြစ်သည့်အတွက် သွင်းကုန်လုပ်ငန်းများအနေ ဖြင့် ကြီးမားသည့် အကျိုးသက်ရောက်မှု မရှိသေးဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “ဒီဈေးကတော့ ဘာမှမဖြစ် ဘူး၊ တစ်ထောင်နား ကပ်လာတယ်ဆိုရင် သွင်းကုန်တွေအကုန်လုံး ထိခိုက်မှာပဲ၊ နောက်ဆက်တွဲအနေ နဲ့ ပြည်ပကသွင်းတဲ့ လူသုံးကုန်ပစ္စည်းတွေဈေးပါ လိုက်တက်လာမယ်” ဟု ပြောသည်။

ဒေါ်လာဈေး မြင့်တက်လာပါက သွင်းကုန်ပစ္စည်းများဖြစ်သော လူသုံးအများဆုံးဖြစ်သည့် ဆေး၊ လျှပ်စစ် ပစ္စည်း၊ စက်သုံးဆီဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာနိုင်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးကောင်းမွန်မှုကြောင့် ကမ္ဘာ့ရွှေဈေးများကျဆင်းနေပြီး ကန်ဒေါ်လာ ငွေဈေးခိုင်မာကာ ဒေါ်လာဈေးမြင့်တက်လာသည်ဟု စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင် များက သုံးသပ်သည်။

ဒေါ်လာဈေးမြင့်လာခြင်းကို စီးပွားရေးအကြံပေး ဦးတင်သန်းဦးက “အမေရိကန်ငွေဈေးခိုင်မာတယ်ဆို တာ အစကတည်းက သူတို့က မာပြီးသားပါ၊ လွန်ခဲ့တဲ့လတွေတုန်းကလည်း ဒေါ်လာဈေးကို တစ် ထောင်လောက်ထားမယ်ဆိုတဲ့အသံတွေကလည်း ထွက်ခဲ့ဖူးတယ်၊ ဒီလိုငွေကြေးကို ဆွဲတင်နိုင်တဲ့သူ တွေကပဲ ပြန်ဆွဲတင်နေတာလားဆိုတဲ့အချက်ကလည်း ရှိသေးတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်မေလတွင် ဗဟိုဘဏ်၏ ငွေလဲနှုန်းမြင့်တက်ခဲ့ရာ တရားဝင်ငွေလဲ စင်တာများ၏ ဒေါ်လာဝယ် ရောင်းဈေးများလည်းမြင့်တက်ခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် တစ်ထောင်ကျော်သည်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

No comments: