နိရဉ္စရာ
မြန်မာနိုင်ငံမှ နာမည်ကြီး စာရေးဆရာများ ဖြစ်ကြသော ဆရာ ချစ်ဦးညိုနှင့် ဆရာမောင်သာချိုတို့သည် ယခုအခါ ရခိုင်ပြည်နယ် မြို့အချို့တွင် စာပေ ဟောပြောပွဲများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ပေါက်တောမြို့တွင် ပြုလုပ်ရာ ပရိသတ် ၅၀၀ ခန့် တက်ရောက် နားထောင်ခဲ့ကြောင်း ပေါက်တောမြို့ စာပေဟောပြောပွဲကို ဦးဆောင် စီစဉ်ရာတွင် ပါဝင်သူ ကိုအောင်မြင့်က နိရဉ္စရာသို့ ပြောသည်။
“ ဆရာတို့ နှစ်ဦးက မနေ့က ပေါက်တောမြို့မှာ ဟောပြောပါတယ်။ ဆရာ ချစ်ဦးညိုကတော့ ကျနော့်မှာ ခေါင်းစဉ်မရှိပါဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောသလို ဆရာမောင်သာချိုကတော့ ဆင်းရဲမွဲတည်မူ ပပျောက်ရေး ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ တော်တော့ကို ကောင်းပါတယ်။ လူတွေကတော့ အထူးနှစ်ခြိုက်ပါတယ်” ဟု ယင်းက ဆိုသည်။
စာပေဟောပြောပွဲအား ညနေ ၈ နာရီမှ ၁၁ နာရီထိ ပေါက်တောမြို့ ဈေးကြီးအနီးတွင် ပြုလုပ်ခဲ့ရာ ပရိသတ်များက အထူးဂရုတစိုက် နားထောင်ခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ မြန်မာပြည်မှ နာမည်ကြီး စာရေးဆရာများကို ဖိတ်ခေါ်ပြီး စာပေဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ကိုအောင်မြင့်က ယခုလိုဆိုသည်။
“ စာပေ အသိ ပညာ ဖွံ့ဖြိုးမူတွေနဲ့ ဗဟုသုတတွေ ရရှိအောင်ပါ။ အဓိကတော့ ရခိုင်လူထုက အကြောက် တရား ဖုံးလွှမ်းနေတာကြောင့် ဆရာတို့ လာရောက် ဟောပြောတဲ့ အတွက် အကြောက်တရားတွေက ကင်းဝေးအောင် စတဲ့ ရည်ရွယ် ချက်တွေလည်း ပါဝင်ပါတယ်” ဟု သူက ဆိုသည်။
ဆရာ ချစ်ဦးညိုနှင့် ဆရာ မောင်သာချိုတို့သည် ယနေ့တွင် ပေါက်တောမြို့မှ တဆင့် ပုဏ္ဍားကျွန်းမြို့သို့ ထွက်ခွာသွားကြပြီး ယနေ့ ညနေတွင် ၎င်းမြို့၏ အထက ဘော်လုံးကွင်းတွင် ပြုလုပ်သော စာပေဟောပြောပွဲတွင် ဟောပြောကြမည်ဟု ပုဏ္ဍားကျွန်း ဒေသခံ တစ်ဦးက ပြောသည်။
“ အခု ဆရာတို့ကို ကြိုဆိုဖို့ အတွက် လူငယ်အဖွဲ့ ခေါင်းဆောင်တွေ စစ်တွေကို ထွက်ခွာသွားကြပါပြီ။ ဒီနေ့ ညနေပိုင်းမှာ စာပေဟောပြောပွဲကို မြို့မ အထက ဘော်လုံးကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ လူတွေက လာကြမှာပါ။ စာပေဟောပြောပွဲကို ကျနော်တို့ဆီက လူတွေ စိတ်ဝင်စားကြပါတယ်” ဟု ၎င်းက ဆိုသည်။
ဆရာ ချစ်ဦးညိုနှင့် ဆရာ မောင်သာချိုတို့သည် ပုဏ္ဍားကျွန်းမှ အပြီးတွင် မြေပုံမြို့တွင်လည်း ဟောပြောကြမည်ဟု သိရသည်။
No comments:
Post a Comment