ABC
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၄ နှစ်ကြာမှ ပြန်လည်ကျင်းပခွင့်ရတဲ့ အရှေ့တောင်အာရှ အားကစား ဆီးဂိမ်းပြိုင်ပွဲအတွက် ဖွင့်ပွဲကို မနေ့က ကျင်းပလိုက်ပြီ ဖြစ်ပါတယ်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဍသိဒ္ဓိ အားကစားကွင်းကြီးထဲမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီဖွင့်ပွဲအခမ်းအနားကို သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတ ဦးဥာဏ်ထွန်းတို့ ကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။ တခြားနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်အားပေးကြပါတယ်။
လူပေါင်း သုံးသောင်းဆန့်တဲ့ ဝဏ္ဍသိဒ္ဓိ အားကစားကွင်းအပြင် ဖွင့်ပွဲမှာ သုံးတဲ့ မီးတွေ၊ အသံတွေနဲ့ စက်ပိုင်းဆိုင်ရာတွေမှာ တရုတ်နိုင်ငံက အဓိက အကူအညီပေးခဲ့တာဖြစ်ပြီး အဲဒီ တရုတ် ပညာရှင်တွေဟာ ၂၀၀၈ ခု ဘေဂျင်းအိုလံပစ်ပွဲမှာ ပါဝင်လုပ်ကိုင်ခဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီဆီးဂိမ်းပြိုင်ပွဲမှာ အားကစားအမျိုးအစား ၃၄ မျိုး ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အဲဒီအတွက် ရွှေတံဆိပ်ဆု စုစုပေါင်း ၄၆၀၊ ငွေတံဆိပ် ၄၆၀ နဲ့ ကြေးတံဆိပ် ၆၃၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၅၅၇ ပေးအပ်ဖို့ ရှိပါတယ်။
ဆီးဂိမ်းပြိုင်ပွဲမှာ စင်္ကာပူနိုင်ငံ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တို့က ဆုတံဆိပ်တွေ အများဆုံးရရှိကြမယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံအနေနဲ့လည်း တိုးတက်မှုတွေ အများကြီး ရှိလာမယ်လို့ ခန့်မှန်းနေကြပါတယ်။
ခုလောလောဆယ် အမှတ်ပေးဇယားမှာ မြန်မာနိုင်ငံက ဆုတံဆိပ် ၁၈ ခုနဲ့ ထိပ်ဆုံးနေရာမှာ ရောက်ရှိနေပါတယ်။

No comments:
Post a Comment