ရဲလင်းထွဋ်
ထိုင်းနိုင်ငံ လုပ်ငန်းခွင်များမှ လုပ်သားခေါ်ယူမှုများ လျော့ကျသွားပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွက်သာ ခေါ်ယူမှုရှိနေကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ဈေးကွက်မှ သိရသည်။
ကောင်းမြတ်စံသူ ကုမ္ပဏီလီမိတက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာ ဦးမြတ်သူက “ထိုင်းက လုပ်သားခေါ်တာတွေ နည်းသွားတယ်။ဆောက်လုပ်ရေးလုပ်ငန်းတွေကပဲ ခေါ်နေတာလောက် ပဲရှိတယ်။ ဟိုတလောက ပုစွန်စက်ရုံတွေ ကုန်မရတာကြောင့် လုပ်ငန်းတွေရပ်တော့ လုပ်သားခေါ်တာ တွေရပ်သွားတယ်။ ရေလုပ်ငန်းနဲ့ မပတ်သက်တာတွေကပဲ ခေါ်နေတယ်။ နောက်လထဲမှာတော့ အီတာ လျံထိုင်းက လုပ်သား ၁,၀၀၀ လောက်ခေါ်ဖို့ရှိနေတယ်။ ဆောက်လုပ်ရေးကတော့ ပုံမှန် လုပ်သားခေါ်ယူမှုက တစ်လကို မြန်မာလုပ်သား ၁၀၀၊ ၂၀၀ လောက်တော့ရှိတယ်” ဟု ပြောသည်။
“ဆောက်လုပ်ရေးလုပ်ငန်းတွေကို မြန်မာလုပ်သားတွေထဲက ကျွမ်းကျင်လုပ်သားတွေအတွက် ဘတ် ၃၅၀ ပေးရမယ်ဆိုပြီးတော့ ကျွန်တော်တို့က တောင်းပေးတယ်။ တောင်းတော့ သူတို့ဘက်က လာပြီး တော့ ကိုယ်တိုင် သူဌေးတွေက လာစစ်ဆေးတယ်” ဟု ပြောသည်။
Today Top Star မှ မန်နေဂျာ ဦးစိန်ဝင်းကလည်း “ထိုင်းက အဓမ္မ စေခိုင်းမှု၊ လုပ်သားခေါင်းပုံဖြတ်မှုစတဲ့ နာမည်ထွက်မှုတွေကြောင့် စန်ရှင်လုပ်ခံရတော့ အခုလောလောဆယ် လုပ်သား ခေါ်ယူမှုတွေ နည်းသွားတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေလောက်ကပဲ ခေါ်နေတာတွေ ရှိတယ်” ဟု ပြောသည်။
ထို့အတူ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရေလုပ်ငန်းများမှ လုပ်သားခေါ်ယူမှုများအတွက် မြန်မာနိုင်ငံ အလုပ် သမား ၀န်ကြီးဌာနမှ သံအရာရှိက လုပ်ငန်းခွင့် လုံခြုံမှုနှင့် မှန်ကန်မှုများကို စစ်ဆေးပြီးမှသာ စေလွှတ် ခွင့်ပြုနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော လုပ်သားများသည် ယခုနောက်ပိုင်းတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရချင်း နားလည်မှု ရေးထိုးထားသော စာချွန်လွှာနှင့် G to G စနစ်အရ အခြေခံလစာ ဘတ် ၃၀၀ ခံစားခွင့်ရှိကြောင်း Iilled လုပ်သားများမှာလည်း ဘတ် ၃၂၀ မှ ဘတ် ၃၅၀ ကြား ရရှိလာဖွယ်ရှိကြောင်း သိရသည်။
“ဘွန်း(စာချုပ်) ရှိတယ်ဆိုတာက ဟိုးအရင်တုန်းကတော့ စာချုပ်မရှိတဲ့အခါမှာ အလုပ်သမားတွေက အဆင်မပြေကြဘူး။ လခတွေ ပေးချင်သလောက် ပဲပေး၊ ရချင်မှရ မရချင်လည်း မရဘူး။ အရင်ကဆို တရားမ၀င်လုပ်သားတွေ များတဲ့အခါကြတော့ ရဲနဲ့ဖမ်းခိုင်းတာတွေ တောင်ရှိတယ်။ အခု အဲဒါမျိုးတွေ အတွက်ကာကွယ်ဖို့ ကုမ္ပဏီပိုင်းကလည်း ၀င်လာပြီး၊ နိုင်ငံတော်ပိုင်းကလည်း ကြီးကြပ်ပြီးတော့ အစိုးရ ဘက်ကလည်း သံအရာရှိတွေခန့်ပြီး ပူးပေါင်းပြီးတော့ ၀ိုင်းလုပ်တော့ အကာအကွယ် ရတယ်။
အဲဒီအတွက် စာချုပ်ကလည်း မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရရဲ့ သတ်မှတ်တဲ့ စာချုပ်။ အလုပ်သမားရယ် အလုပ်ရှင်ရယ်၊ အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်ပေးထားတဲ့လူ၊ မြန်မာနိုင်ငံကုမ္ပဏီရယ် ပေါင်းပြီး အလုပ် သမားဝန်ကြီးဌာနရှေ့ မှာ လက်မှတ်ထိုးတယ်။
“ဘတ် ၃၀၀ ကို တချို့ကုမ္ပဏီတွေက မပေးကြဘူး။ ဒါကြောင့်လည်း အစိုးရက မလွှတ်တာပါတယ်။ သူတို့က နှစ် ၂၀ လောက် တရားမ၀င်လုပ်သားတွေကို ခိုင်းခဲ့တာဆိုတော့ မပေးချင်ကြဘူး။ ဒါကို အစိုးရနဲ့ ကုမ္ပဏီဘက်မှာ ပြောင်းလဲပစ်ဖို့ လုပ်နေကြရတယ်။ ပြဿနာကတော့ ရှိနေတာပဲ။
ဟိုအရင်တုန်းက ပွဲစားတွေကြောင့် ပြဿနာဖြစ်ပြီး အခုကျတော့ သူတို့ကို ရပ်ပြီး ကျွန်တော်တို့ တရားဝင် ပြည်ပအလုပ်အကိုင် ရှာဖွေရေးတွေကို ပေးတယ်” ဟု ဦးမြတ်သူက ပြောသည်။
မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ၁၇၅ ခုရှိပြီး ထိုင်း နိုင်ငံသို့ လုပ်သားပို့ဆောင်ခွင့်ပြုထားသော ပြည်တွင်းအခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ၆၆ ရှိသော်လည်း ၂၀ ခန့်သာ ထိုင်းသို့ ပို့ဆောင်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းမှ လေးသန်းဝန်းကျင်ရှိပြီး တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာလုပ်သားများကို ၂၀၀၉ ခုနှစ်မှ စတင် ကာ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်တို့တွင် ယာယီနိုင်ငံကူးလက် မှတ်များ ထုတ်ပေးခဲ့ရာ စုစုပေါင်း ၇၈၀,၀၀၀ ကျော် ရှိခဲ့ပြီးOne Stop Services Centre ၁၁ ခုတွင် လည်း စာရင်းသွင်း မှတ်ပုံတင်ထားသည့် ဦးရေမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ် လ ၁၃ ရက်အထိ ၁,၆၈၀,၅၅၆ ဦးအထိ ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment