စိုးသန်းလင်း၊ အေးမြင့်စန်း
၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံ အထိမ်းအမှတ် စိန်ရတုပွဲ ကျင်းပလိုက်ခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ လူငယ်ထုအကြားတွင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့သော ရေနံမြေအလုပ်သမားထု၏ သခင်၊ သခင်မကြီးတို့၏ သံမဏိစိတ်၊ သခင်စိတ်တို့ ပျံ့နှံ့စေလိုကြောင်း ဒီဇင်ဘာ ၁၁ ရက် အဆိုပါ စိန်ရတုပွဲအပြီးတွင် ကျင်းပရေးကော်မတီက မဇ္ဈိမသို့ ပြောကြားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးအတွက် အခြေခံအုတ်မြစ်စိတ်ဓာတ်ဖြစ်သည့် နိုင်ငံရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့ သည့် ၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံ အထိမ်းအမှတ် စိန်ရတုပွဲအား ဒီဇင်ဘာ ၁၁ ရက်တွင် ချောက်မြို့၌ ကျင်းပသည်။
အဆိုပါပွဲ ကျင်းပရေးကော်မတီ၏ နာယကလည်းဖြစ်သူ ချောက်မြို့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းလွင်က “နိုင်ငံလွတ်လပ်ရေးရဖို့ စိတ်ဓာတ်တွေနိုးကြားစေတဲ့ ၁၃၀၀ ပြည့် အရေးတော် ပုံ စိန်ရတုအထိမ်းအမှတ်ပွဲကို အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရင် အဲဒီခေတ်က သခင်တွေ၊ သခင်မတွေရဲ့ မဟုတ်မခံ သံမဏိစိတ်ဓာတ်တွေလည်း လူငယ်ထုအကြားမှ ပိုပြီးပျံ့နှံ့နိုင်မှာပါ။ အဲဒီလို ဖြစ်စေချင်တာကတော့ အများကြီးပဲပေါ့။ ဒါပေမဲ့ မျှော်မှန်းတာနဲ့ နီးစပ်တာကိုပဲ အခုလို ကျင်းပခွင့်ရတာကိုပဲ အများကြီး ၀မ်းသာလှပါပြီ”ဟု ပြောသည်။
၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံကြီး စိန်ရတုနေ့အတွက် သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာ ထုတ်ပြန် ခဲ့ရာ ယင်းသ၀ဏ်လွှာတွင် “ဒီ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံအစပြုလို့ အခြေတည်ခဲ့တဲ့ တစ်မျိုး သားလုံး ထက်သန်ပြင်းပြတဲ့ အမျိုးသားစိတ်ဓာတ်ကြောင့်ပဲ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေကို ကျော် ဖြတ်ပြီး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ရပြီးတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို လွတ်လပ်ရေး ရရှိခဲ့ပြီး တဲ့နောက်မှာ ကြာရှည်စွာ ဆက်လက် ထိန်းသိမ်းနိုင်ခြင်းမရှိတာကြောင့် လက်နက်ကိုင် ပဋိပက္ခများ၊ နိုင် ငံရေးပါတီများရဲ့ အကွဲအပြဲများ တွေ့ကြုံခဲ့ရတယ်။ အမျိုးသားညီညွတ်ရေး လျော့ရဲမှုကြောင့် နိုင်ငံရေး ကိုအခြေခံတဲ့ ပဋိပက္ခတွေဟာ သံသရာလည်ခဲ့တာကိုလည်း တွေ့ကြုံခဲ့ကြရပါတယ်”ဟု ဖော်ပြထား သည်။
ချောက်မြို့တွင်ကျင်းပသော စိန်ရတုပွဲသို့လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ထံမှ သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။ အဆိုပါစိန်ရတုပွဲအား ကျင်းပခွင့်ရ ရန် ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး နိုဝင်ဘာ ၁၁ ရက်၌ ဦးသိန်းလွင်ကပင် အရေးကြီးအဆိုတစ်ရပ်အဖြစ် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က သဘောတူ ခွင့်ပြုခဲ့ခြင်းဖြစ် သည်။
ပွဲသို့ ချောက်မြို့ရှိ ဒေသခံလူငယ်အများစုပါဝင်သော ပရိသတ် ၆၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး ၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် သခင်၊ သခင်မကြီးအချို့၏ မိသားစုဝင် ၃၂ ဦးတို့လည်း တက်ရောက်ခဲ့သည်။
ဘီအိုစီရေနံကုမ္ပဏီက လုပ်သားများ၏ ဘာသာရေး အလုပ်ပိတ်ရက် လျှော့ချခြင်း၊ တောင်းဆိုချက်များ မလိုက်လျောပေးခြင်းနှင့် ဘီအိုစီ မော်တော်ယာဉ်ဌာနမှ သခင်ခင်ကို အလုပ်ထုတ်ပစ်ခြင်းတို့ကြောင့် ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၈ ရက်မှ စတင်ပေါ်ပေါက်ခဲ့သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို အာဠာဝက အမည်ခံ သခင်ဖိုးလှကြီးက ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
No comments:
Post a Comment