သီဟကိုကို
ရန်ကုန်တိုင်းအတွင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရရှိရန် အခွန် ကြွေးကျန်ပေါင်း ကျပ် ၆၈ ဘီလီယံ ကျန်ရှိနေသေးသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ ညွှန်ကြားရေး မှူး ဦးကျော်ကျော်က မဇ္ဈိမသို့ ပြောသည်။
၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်ကုန်ဖြစ်သည့် ဧပြီလတွင် ယင်းနှစ်အတွက် အခွန်ပေးသွင်းရန် ကျန်ရှိသည့် ကြွေးကျန် ကျပ် ၇၄ ဘီလီယံရှိပြီး ကြားကာလအတွင်းပေးသွင်းမှု ခြောက်ဘီလီယံသာရှိ၍ နိုဝင် ဘာလအထိ ကြွေးကျန် ၆၈ ဘီလီယံ ကျန်ရှိနေသေးသည်။
ယင်းအခွန်များကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးကောက်ခံသွားမည်ဟုလည်း ပြောသည်။
ကျန်ရှိနေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဦးကျော်ကျော်က “ လုပ်ငန်းအမျိုးအစားတွေ အသီးသီး အလိုက်တော့ကျန်နေတယ်၊ ဘယ်လုပ်ငန်းအများဆုံးလို့တော့ ပြောလို့မရဘူး၊ လုပ်ငန်း အမျိုးအစားတွေ အများကြီးက ကျန်နေတယ်၊ အိမ်ခြံမြေတွေလဲ ကျန်သေးတယ်၊ တခြားစီးပွားရေးလုပ်ငန်းတွေလဲ ကျန် သေးတယ်” ဟု ပြောသည်။
၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းအတွင်း အခွန်ငွေ ကျပ် ၅၄၆ ဘီလီယံ ကောက်ခံရ ရှိခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်အတွက် အခွန်ကျပ် ၅၉၀ ဘီလီယံ ရမည်ဟု မျှော်မှန်းထားသည်ဟု ဦးကျော် ကျော်က ပြောသည်။
ယင်းအခွန်ကြွေးကျန်များကို သတ်မှတ်ရက်အတွင်းပေးသွင်းရန် ကျန်ရှိသည့် လုပ်ငန်းများ၊ ပုဂိ္ဂုလ်များကို အခွန် ဥပဒေများအရ မပြည့်ကျန်ငွေ၏ တစ်ဆအား ငွေဒဏ်အဖြစ် ဒဏ်ရိုက်နိုင်ပြီး ပိုင်ဆိုင်မှုပစ္စည်းများ အား ၀ရမ်းကပ်ကာ လေလံတင်ရောင်းချသည်အထိ အရေးယူနိုင်သည်ဟုလည်း ဆက်ပြောသည်။
ဦးကျော်ကျော်က “ကျန်တာက ၁၀၀ ဆိုရင် ပေးသွင်းရမယ့်ငွေအပြင် ဒဏ်ငွေအဖြစ် နောက်ထပ် ၁၀၀ ကို ထပ်ပေါင်းပြီး စုစုပေါင်း ၂၀၀ ပေးရမယ်” ဟု ရှင်းပြသည်။
No comments:
Post a Comment