နန်းလွင်နှင်းပွင့်
ဒီဇင်ဘာလ တတိယပတ်အတွင်း အပြီးသတ်စာရင်းပေးပို့ရတော့မည့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီသည် တပ်မတော်နှင့်သက်ဆိုင်သည့် အမှုတွဲ ၄၄ခုကို အချိန်မီစိစစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ကော်မတီဝင် ဦးရဲအောင်က ဒီဇင်ဘာ ၈ရက်တွင် မဇ္စျိမကို ပြောသည်။
ထိုသူများသည် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းအရ လွတ်မြောက်ရန်ကျန်ရှိနေသေးသည့် နိုင်/ကျဉ်း ၉၀ဦးထဲမှဖြစ်ပြီး တပ်မတော်နှင့် သက်ဆိုင်သည့် ပုဒ်မများနှင့် ငြိစွန်းနေသဖြင့် အမှုမှန်စိစစ်ဖော်ထုတ် သုံးသပ်ရန် လိုအပ်နေခြင်းဖြစ်သည်။ ယင်းတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ပေးနိုင်ရန် လူတွေ့မေးမြန်းခြင်းကိုပါ ထည့်သွင်းဆောင်ရွက်ရန် ကော်မတီက စီစဉ်ထားသည်။
“အခုကျန်တာက နှစ်ကြီးတွေကျန်မယ်။ ကိုသံချောင်းတို့ ဗိုလ်ကြီးဝင်းနိုင်တို့ ကျန်မယ်၊ သူတို့တွေကျတော့ တပ်ပြေးတွေ၊ တပ်ပုဒ်မတွေ ၊ ပြီးတော့ အခြားသူတွေလည်း လူသတ်မှု ပုဒ်မတွေနဲ့ တွဲနေတော့ ပြန်စီစစ်ရဦးမယ်။ တပ်ဘက်နဲ့ သက်ဆိုင်နေလား ဆိုပြီး တော့ပေါ့”ဟု ကော်မတီအဖွဲ့ဝင် ကိုသက်ဦးက ဆိုသည်။
နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းစိစစ်ရေး ကော်မတီကို လာမည့် ဒီဇင်ဘာ ၂၁ရက်နောက်ဆုံးထား စာရင်းပြုစုပေးရန် ညွှန်ကြားထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ကတော့ တင်တာပဲ၊ နောက်ထပ် ရှိလာမယ့် စာရင်းတွေ အကျဉ်းသားတွေရှိရင်လည်း တင်ဦးမှာပဲ။ အခုက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ နောက်ဆုံးပေးရမယ်လို့ ပြောထားတယ်၊ အဲ့နေ့ အစည်းအဝေးမှာ ပြန်ပြောရမှာပေါ့”ဟု ဦးရဲအောင်က ဆိုသည်။
ယင်းသို့ ဆောင်ရွက်ခြင်းသည် ယခုနှစ်ကုန်၌ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ မရှိစေရဟု သမ္မတ၏ ကတိပေးမှုကို အကောင်အထည်ဖော်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။
No comments:
Post a Comment