နန်းမြင့်
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေသိမ်းခံရမှုများနှင့် ပတ်သက် ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဆန္ဒပြသူများနှင့် မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်တို့ တွေ့ဆုံရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ယင်းကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
စစ်တပ်မှ သိမ်းဆည်းထားသည့် မြေများ ပြန်ရရန် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ရာ ဆယ်ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် ဦးအောင်သိန်းလင်းတို့ ရောက်ရှိလာပြီး သပိတ်စခန်း ဖွင့်ထားသူများကို ယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။
ဦးခိုင်မောင်ရည်က “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ကော်မရှင်နဲ့ ဆန္ဒပြအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ဆွေး နွေးဖို့ သူတို့ကိုပြောမယ်။ သူတို့ဘက်က လက်ခံ လက်မခံ တစ်ခုရှိမယ်။ လက်ခံပြီဆိုရင် အချိန်သတ်မှတ်ပြီး ပြောမယ်။ အကယ်၍ လက်မခံခဲ့ဘူးဆိုရင် တိုင်းဒေသကြီးကိုကျော်ပြီး ပြည်ထောင်စုအစိုးရ ဆက်ပြောရမှာ ဖြစ်တယ်။ ဒီရက်ထဲမှာ လုပ်ဖို့ရှိတယ်။ အစိုးရက တာဝန်ရှိတယ်။ အစိုးရအဖြစ် တာဝန်ပေးထားရင် အစိုးရ လုပ်ငန်း လုပ်ကိုလုပ်ရမယ် ငါတို့နဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူး”ဟု ပြောသည်။
ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးတင်ဝင်းက သပိတ်စခန်းဖွင့်လှစ်ပြီး နှစ်ရက်မြောက်နေ့ တွင် သပိတ်စခန်းဖွင့်လှစ်ထားသူများနှင့် သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သေးသော် လည်း တိကျသော အဖြေမထွက်၍ သပိတ်စခန်းကို ဆက်လက် ဖွင့်ထားခဲ့သည်။
ယင်းသပိတ်စခန်းသို့ ရောက်ရှိလာသည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကလည်း “လွှတ်တော်ကိုယ်စားလှယ်တွေ ဆောင်ရွက်ပေးတယ်။ ဆုံးဖြတ်ပေးဖို့က အစိုးရတာဝန်ပဲ”ဟု ပြောသည်။
ဒီဇင်ဘာ ၅ ရက်တွင် သပိတ်စခန်းအနီး စစ်တပ်မှ လုံခြုံရေးချထားသောကြောင့် သပိတ်စခန်းအတွင်းမှ ပြည် သူများ ထိတ်လန့်ခဲ့ရသေးသည်ဟုလည်း ဆန္ဒပြရာတွင်ပါဝင်သူ ဦးအောင်မျိုးဝင်းက ဆိုသည်။
၎င်းက “အဆင်ပြေမှုရအောင် စောင့်မျှော်နေတယ်။ အသက်သေပစေအထိ လုပ်ပြီးတဲ့အတွက် တောင်းဆိုမှု မရမချင်း နောက်မဆုတ်ပါဘူး။ ဒီနေ့ စစ်တပ်က ကားခုနစ်စီးလောက်ရှိတယ်။ နောက်ပိုင်းကနေချဉ်းကပ်လာ တော့ ၀ိုင်းပြီဆိုပြီး ပြည်သူတွေမှာ ထိတ်လန့်သွားတယ်။ ဆီးဂိမ်းကို လုံခြုံရေးယူတာလို့ သိရတယ်”ဟု ပြော သည်။
မိကျောင်းကန် အပိုင်း ၁၊၂၊၃ မှ မြေပြန်ရရေး ဆန္ဒပြသူများသည် သပိတ်စခန်း နှစ်ကြိမ်ဖွင့်လှစ်ခဲ့ပြီး ဒုတိယ အကြိမ် ခွင့်ပြုချက်မရှိဘဲ သပိတ်စခန်းဖွင့်လှစ်ခြင်းကြောင့် ဦးဇော်ထွန်း၊ ဦးအောင်မျိုးဝင်း၊ ဦးသန်းလွင်တို့ကို ပုဒ်မ ၁၈ဖြင့် အရေးယူထားသည်။
ဆန္ဒပြသူများသည် အသေခံ တောင်းဆိုရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ကလည်း သံဃာတော်များ နှင့် သရဏဂုံ တင်ခဲ့သေးသည်။ အဆိုပါ သပိတ်စခန်းတွင် ဆန္ဒပြသူ ၃၀၀ ခန့် ရှိသည်။
အဆိုပါ မြေနေရာများကို ၁၉၉၁ ခုနှစ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ သိမ်းယူခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment