Wednesday, December 11, 2013

ကမ်းထောင်းကြီး ကျေးရွာကို မြို့နယ်ခွဲသတ်မှတ်ရန် ပြည်နယ်လွှတ်တော် အတည်ပြု

မိုးဇော်

ရခိုင်ပြည်၊ မြောက်ဦးခရိုင် မြေပုံမြို့နယ် မိုင် ၅၀ ခန့်ဝေးကွာသော ကမ်းထောင်းကြီးကျေးရွာကို မြို့နယ်ခွဲသတ်မှတ်ပေးရန် ပထမအကြိမ် ရခိုင်ပြည်နယ် နယ်လွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးတွင် မြေပုံမြို့ အမှတ် ၂ နယ်မြေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်နုက အဆိုးတင်သွင်းပြီး ကန့်ကွက်သူမရှိဘဲ မြို့နယ်ခွဲအဆင့် တိုးမြှင့်သတ်မှတ်ပေးဖို့ အတည်ပြုပေးလိုက်ကြောင်း သိရသည်။

ကမ်းထောင်းကြီးကျေးရွာကို မြို့နယ်ခွဲအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုရသော ရည်ရွယ်ချက်ကို မြေပုံမြို့ အမှတ် ၂ နယ်မြေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်နုက ယခုလိုရှင်းပြသည်။

" ကမ်းထောင်းကြီးကျေးရွာဟာ ကြီးလည်းကြီးတယ်။ အိမ်ထောင်စုတွေ၊ လူဦးရေတွေများတယ်။ အဲဒီလိုများတဲ့အတွက် ဖွံ့ဖြိုးမှုလည်း အင်မတန် တိုးတက်တယ်။ ပြီးတော့ ဒေသခံတွေကလည်း မြို့နယ်ခွဲလုပ်ပေးဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ အဓိကတော့ ဥပဒေစိုးမိုးရေး လျှော့နည်းပါတယ်။ မြေပုံမြို့နဲ့ဆို အရမ်းအလှမ်းဝေးတာ။ နောက်တစ်ခုက ကျေးရွာထက် မြို့နယ်ခွဲဆိုရင် ပိုပြီးတော့ အခွင့်အရေးတွေရှိတယ်။ မြို့တစ်မြို့ရဲ့ အခွင့်အရေး အပြည့်အဝ မရသေးရင်တောင် အခွင့်အရေးတချို့တစ်ဝက်လောက် ရလာမယ်။ ဥပမာ - မြို့နယ်ခွဲဖြစ်လာရန် ရဲစခန်း၊ ဆေးရုံ စတဲ့ မြို့နယ်ခွဲရဲ့ အင်္ဂါရပ်နဲ့ အညီဖြစ်လာတယ်။ ဖွံ့ဖြိုးမှုလည်း အရင်ထက် တိုးတက်လာမယ် စတဲ့ ရည်ရွယ်ချက်နဲ့ တောင်းဆိုးရတာ ဖြစ်ပါတယ်။ " ဟု ဦးမောင်နုက ဆိုသည်။

အခုက်လက်ရှိမှာ ကမ်းထောင်းကြီးကျေးရွာတွင် အိမ်ခြေ ၂၁၂၀၊ အိမ်ထောင်စု ၂၂၃၂ ရှိပြီး လူဦးရေမှာ ၁၀၂၅၅ ဦးဖြင့် နေထိုင်ကြသော ကျေးရွာဖြစ်ကြောင်း၊ အနီးနားပတ်ဝတ်ကျင်တွင် ကျေးရွာ ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၁၉ ရွာ၊ အိမ်ခြေပေါင်း ၆၉၀၈ အိမ်၊ အိမ်ထောင်စုပေါင်း ၉၂၀၀၊ လူဦးရေပေါင်း ၄၆၀၀၀ ရှိကြောင်း သူကဆိုသည်။

ကမ်းထောင်းကြီးကျေးရွာကို မြို့နယ်ခွဲအဖြစ် သတ်မှတ်ပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုပေးလိုက်သော်လည်း ပြည်ထောင်စုလွှတ်တော်က တစ်ဆင့် သမ္မတက အတည်ပြုပေးမှသာ တရားဝင် မြို့နယ်ခွဲအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း သိရသည်။


၎င်းကျေးရွာကို မြို့အဖြစ် သတ်မှတ်ဖို့ ဒေသခံ ကျေးရွာသူ/သားများက မည်မျှလောက်အထိ ဆန္ဒပြင်းပြကြသည်များကို မြေပုံမြို့ အမှတ် ၁ နယ်မြေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ယခုလိုပြောသည်။

" အရင်တုန်းက စစ်အစိုးရခေတ်ဆိုတော့ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ ကြောက်စိတ်တွေ ရှိနေကြတယ်ပေါ့။ ဒေသခံရွာသားတွေက ကမ်းထောင်းကြီးကျေးရွာရဲ့ ဝင်ဝဆိုင်းဘုတ်ကို ကမ်းထောင်းကြီးမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေတက်ခဲ့ကြပါတယ်။ လူကြီးတွေ လာတယ်ဆိုရင် ကျေးရွာလို့ တပ်ပြီးတော့ လူကြီးတွေ ပြန်သွားတဲ့အခါကျရင် မြို့လို့ တပ်ထားကြပါတယ်။ ဒါဟာ ဒေသခံတွေရဲ့ စိတ်အားထက်သန်မှုဖြစ်တယ်။ ကျေးရွာရဲ့ ဖွံ့ဖြိုးမှုကလည်း အရမ်းတိုးတက်နေတာကိုး။ " ဟု ဦးအောင်းဝင်းက ဆိုသည်။

ရခိုင်ပြည်တွင် မြို့နယ်ခွဲအဖြစ် တရားဝင်အတည်ပြုထားသည်မှာ သုံခုရှိပြီး ယခု ကမ်းထောင်းကြီးဆိုလျှင် ၄ ခုဖြစ်မည်ဖြစ်ကြောင်း၊ တရားဝင်အတည် ပြုထားသော မြို့နယ်ခွဲများမှာ တောင်ကုတ်မြို့၏ မြို့နယ်ခွဲဖြစ်သော မအီမြို့နယ်ခွဲ၊ ဂွမြို့၏ မြို့နယ်ခွဲဖြစ်သော ကျိန္တလီမြို့နယ်ခွဲ၊ မောင်တော မြို့၏ မြို့နယ်ခွဲဖြစ်သော တောင်ပြိုမြို့နယ်ခွဲနှင့် ယခု မြေပုံမြို့၏ မြို့နယ်ခွဲဖြစ်သော ကမ်းထောင်းကြီး မြို့နယ်ခွဲတို့ ဖြစ်ကြောင်း သိရသည်။

No comments: