နန်းလွင်နှင်းပွင့်
အစိုးရနှင့် အတိုက်အခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးမှုများ အရှိန်မြှင့်ရန် ပြင်ဆင်နေချိန်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ သို့သွားမည့် အခြေခံအချက်များ ချင်းပြည်နယ်အတွက် စုစည်းထားပြီးဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာရွှေခါးရ်က မဇိ္ဈမကို ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို အစိုးရက ငြိမ်းချမ်းရေးဗျူဟာများအရ အဆင့်သုံးဆင့်သတ်မှတ်ထား ပြီး ပထမအဆင့် အပစ်ခတ်ရပ်စဲရေးအပြီးတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ရာ ယင်းအ တွက် ချင်းပြည်နယ်အနေဖြင့် အခြေခံမူဘောင်များ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။
“နိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ ဆွေးနွေးရမယ့် အခြေခံအချက်တွေ ရှိနေပြီလို့ ဆိုရမှာပေါ့။ ဒီကြားထဲမှာရှိလာမယ့် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးအဆင့်ကိုတော့ အကောင်းမြင်ထားပါတယ်၊ အာမခံချက်ရှိတဲ့ ညှိနှိုင်းမှုတွေတော့ လိုအပ်မှာပေါ့”ဟု ၎င်းက ဆိုသည်။
အဆိုပါ အခြေခံသဘောတူညီချက်များသည် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ဟားခါးမြို့တွင် ကျင်းပခဲ့ သည့် ချင်းလူထုအလွှာပေါင်းစုံ တက်ရောက်ခဲ့သော ပထမဆုံးညီလာခံတွင် သဘောတူ ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ် သည်။ အဆိုပါညီလာခံတွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံ၊ ဥပဒေရေးရာ တရားစီရင် ရေးမဏ္ဍိုင်များ ပြုပြင်ရေး၊ ချင်းအမျိုးသားရေး မျိုးနွယ်စုကိစ္စများ၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ရရှိရေး၊ စီးပွားရေးနှင့်ဒေသဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများ တိုးတက်လာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူ့အခွင့် အရေးဆိုင်ရာကိစ္စ၊ ပညာရေး၊ ဒုက္ခသည်စခန်းများကိစ္စ၊ ကျားမ မခွဲခြားရေးကိစ္စ စသည့် သဘောတူညီမှု ၁၁ ချက်၊ အသေးစိတ်ဆွေးနွေးချက် ၁၅၀ ကျော်ထွက်ရှိခဲ့ပြီး ယင်းတို့ကိုအခြေခံ ဆောင်ရွက်သွားမည်ဖြစ်သည်။
“ချင်းပြည်နယ်ရဲ့ကိစ္စအရပ်ရပ်တွေ အားလုံးကို ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးလိုက်တော့ ထွက်လာတာက ဘုံသဘောတူညီချက်ပဲ အဲ့ဒီဘုံသဘောတူညီချက်တွေကို အပစ်အခတ်ရပ်စဲရေးပြီးတဲ့နောက် လာမယ့် နိုင်ငံ ရေးဆွေးနွေးပွဲကို ခေါ်ဆောင်သွားမယ်”ဟု ဒေါက်တာရွှေခါးရ်က ဆိုသည်။
အဆိုပါဆွေးနွေးပွဲသို့ လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်များ၊ ချင်းပြည်သူလူထုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလွှာအသီးသီးမှ ပြည်သူစုစု ပေါင်း ၅၇၁ ဦး တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment