Monday, December 9, 2013

မိချောင်းကန်သပိတ်စခန်းတွင် ပဋိပက္ခဖြစ်ပွားအပြီး မြစာရံဘုရားကို စစ်သားများ ပိတ်ဆို့

နန်းမြင့်

သင်္ကန်းကျွန်းမြို့နယ် မိချောင်းကန်သပိတ်စခန်းတွင် ဒီဇင်ဘာလ ၇ရက် နံနက် ၁၁နာရီခန့်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်တွင် စစ်သားအယောက် ၃၀ခန့်က ထိုနေ့ည ၇နာရီခန့်တွင် သပိတ်စခန်းအနီးရှိ မြစာရံ အေးစေတီဘုရားကို ပိတ်ဆို့လိုက်ပြီဟု သပိတ်စခန်းမှ ဆန္ဒပြသူများက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ စစ်သားများက မြစာရံဘုရားကို ဝင်၊ထွက်ခွင့်မပြုတော့ဘဲ ပိတ်ဆို့လိုက်ပြီဖြစ်သော်လည်း ဆန္ဒပြသူများ၏ သပိတ်စခန်းမှာမူ ဆက်လက် ဖွင့်ထားလျှက်ရှိသည်။ မြစာရံဘုရားအား တပ်မတော်သားများက ပိတ်ပင်သည်ဟု ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

သင်္ကန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁၊ ၂၊ ၃ရှိ မြစာရံ အေးစေတီ ဘုရားဘေးတွင် စစ်တပ်မှ သိမ်းဆည်းထားသည့် မြေများ ပြန်လည်ရရှိရန် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြသူများထံ ဒီဇင်ဘာလ နံနက် ၁၁နာရီခန့်တွင် အရပ်ဝတ်နှင့် လူ၄၀၀ခန့် ရောက်ရှိလာကာ ဆန္ဒပြသူများနှင့် ရုန်းယင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုနောင်နောင်က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရရှိသော ဒေါ်လှလှသိန်း၊ ဒေါ်ခိုင်ခိုင်လွင်၊ ဒေါ်စောခင်၊ ဒေါ်မြင့်ဋ္ဌေး၊ ဒေါ်အေးမိ၊ ဒေါ်အေးအေးမာ၊ မစန်းရီနှင့် မသူဇာခိုင်တို့ကို သင်္ကန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ညနေ ၄နာရီခန့်တွင် ခြောက်ဦးမှာ သပိတ်စခန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

ညနေပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဦးခိုင်မောင်ရီ၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးနိုင်ငံလင်းနှင့် ဦးအောင်သိန်းလင်းတို့လည်း လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

မိချောင်းကန်သပိတ်စခန်း ဖွင့်လှစ်ထားသည်မှာ ၂၀၁၃ခုနှစ် နိုင်ဝင်ဘာလ ၂၆ရက်တွင် သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ မြစာရံ အေးစေတီဘုရားဘေးတွင် ဖွင့်ထားခဲ့ခြင်းဖြစ်သည်။

No comments: