Thursday, December 12, 2013

တပ်မတော်ထောက်လှမ်းရေးများ နိုင်ကျဉ်းစာရင်းတွင် ထည့်သွင်းမည်မဟုတ်

ဟိန်းကိုစိုး

နိုင်ငံရေးအကျဉ်းသားများစာရင်းတွင် တပ်မတော်ထောက်လှမ်းရေးများကို ထည့်သွင်းသွားမည်မဟုတ် ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲအောင်က မဇ္ဈိမကို ပြောသည်။

“တပ်ထောက်လှမ်းရေးတွေကို နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ထည့်သွင်းမစဉ်းစားဘူး။ သူတို့ ထောင် ကျတာက အာဏာပြိုင်မှုပုဒ်မတွေ၊ အဂတိတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ကျကြတာ။ တချို့တွေကလည်း စာ ရင်းထဲမှာ ထည့်ချင်နေကြတာရှိတယ်။ ကော်မတီစကတည်းက ဦးစိုးသိန်း(ကော်မတီဥက္ကဋ္ဌ) ကလည်း တပ်ထောက်လှမ်းရေးကို စာရင်းမှာထည့်မှာမဟုတ်ဘူးဆိုတာကို ပြောပြီးသား”ဟု ဦးရဲအောင်က ပြော သည်။

တပ်မတော်ထောက်လှမ်းရေးများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ရေး၊ မသတ်မှတ်ရေးနှင့် ပတ်သက်ပြီး တပ်မတော်အစိုးရလက်ထက် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဦးခင်ညွန့်က “ကျွန်တော်ကတော့ ထောက်လှမ်းရေးပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အားလုံးကို လူလို့ပဲမြင်ပါတယ်”ဟု ၎င်းနှင့် အင်တာဗျူးများ စာအုပ်ထုတ်ဝေသည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြောသည်။

တပ်မတော်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သော တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဦးခင်ညွန့်နှင့်အတူ တပ်မတော်ထောက်လှမ်းရေး ထိပ်ပိုင်းအရာရှိများကို အဂတိလိုက်စားမှု၊ နိုင်ငံတော်ပုန်ကန်သည်ဟု စွပ်စွဲချက် ဖြင့် ဖမ်းဆီးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကော်မတီဝင် ဦးလှမောင်ရွှေကလည်း “ကျွန်တော်ပြောချင်တာကတော့ ထောင်ထဲမှာ ဘယ်လိုပုဒ်မနဲ့ပဲဖြစ်ဖြစ် ထောင်ကျလို့ ထောင်ထဲမှာ ၁၄ နှစ်လောက်ကြာရင် သူတို့ကို ပြန် စိစစ်ပေးတာရှိတယ်။ သူတို့မိသားစုတွေရဲ့ ဘ၀အခြေနေကိုလည်း ထည့်သွင်း စဉ်းစားသင့်တယ်။ အခု ချိန်မှာ တိုင်းပြည်ဖွံ့ဖြိုးရေးကို ၀ိုင်းလုပ်မယ်ဆို ၀ိုင်းလုပ်ရမယ့်အချိန်”ဟု တယ်လီဖုန်းမှတစ်ဆင့် ပြော သည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီသို့ တပ်မတော်ထောက်လှမ်းရေး အကျဉ်းကျခံ ရသူများ၏ မိသားစုဝင်များက နိုင်ငံရေးအကျဉ်းသားအဖြစ် တင်ပြလာသည့် အကြောင်းကြားစာပေါင်း၂၁ စောင်ခန့်ရှိသည်ဟု စိစစ်ရေးကော်မတီမှ သိရသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းအရ မြန်မာနိုင်ငံ ထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၉၀ အထိ ကျန်ရှိနေသေးပြီး တပ်မတော်နှင့်သက်ဆိုင်သည့် ပုဒ်မများနှင့် ငြိစွန်းနေသဖြင့် အမှုမှန် စိစစ်ဖော်ထုတ် သုံးသပ်ရန် လိုအပ်နေသော အမှုတွဲ ၄၄ ခု ရှိသည်။

ယခုနှစ်ကုန်၌ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ မရှိစေရဟု သမ္မတ၏ ထုတ်ဖော်ပြောဆိုခဲ့မှုကို အကောင်အထည်ဖော်ရန် စီစဉ်သည့်အနေဖြင့် အဆိုပါ တပ်မတော်နှင့်သက်ဆိုင်သည့် အမှုတွဲ ၄၄ ခုနှင့် ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာများကို လာမည့် ဒီဇင်ဘာ ၂၁ ရက် နောက်ဆုံးထား စိစစ်ရမည်ဖြစ်သည်။

No comments: