ABC
မြန်မာနိုင်ငံ ပေါင်းတည်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ သုံးဦး အစာငတ်ခံဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
သူတို့တွေကတော့ မြင့်မြင့်အေး၊ ခင်မီမီခိုင်နဲ့ သန့်ဇင်ထက်တို့ဖြစ်ကြပြီး ဒီဇင်ဘာလ ၁၃ရက်နေ့ ကတည်းက စတင် အစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပါတယ်လို့ သြစတြေးလျနိုင်ငံ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ Burma Campaign Australia ရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူတို့ရဲ့အမှုကို ကြားနာစစ်ဆေးတာ အကြိမ်ပေါင်း ၂၀လောက်ရှိပြီးဖြစ်ပေမယ့် တရားရုံးက သူတို့ကို အာမခံနဲ့ ပြန်လွတ်မပေးတဲ့အပြင် မှန်ကန်တဲ့ တရားရုံးကြားနာစစ်ဆေးမှုတွေကို လုပ်မပေးတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
မြင့်မြင့်အေးနဲ့ ခင်မီမီခိုင်တို့ဟာ အမျိုးသမီးအရေးလှုပ်ရှားမှု ကွန်ယက်ကဖြစ်ပြီး သန့်ဇင်ထက်က တော့ လူ့အခွင့်အရေးလှုပ်ရှားသူကျောင်းသား တဦး ဖြစ်ပါတယ်။
သူတို့တွေဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပဲခူးတိုင်းအတွင်းမှာ ဖြစ်နေတဲ့ လယ်မြေပိုင်ဆိုင်မှု ပြဿနာနဲ့ပတ်သက်ပြီး လယ်သမားတွေဖက်ကနေ သွားရောက် ရပ်တည်ပေးခဲ့ကြတဲ့အတွက် အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
သူတို့ကို အသင်းအဖွဲ့ဖွဲ့စည်းမှုနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။

No comments:
Post a Comment