အေးမြင့်စန်း
လိုင်စင်သိမ်းခံထားရသည့် ရှေ့နေများကိစ္စ ကူညီလုပ်ဆောင်ပေးရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီက အချက်အလက်များ တောင်းထားသည်တွင် လက်ရှိအချိန်အထိ မတင်ပြနိုင် သေးဘဲ ဒေသအချို့ရှိ လိုင်စင်သိမ်းခံထားရသည့် ရှေ့နေများကို ဆက်သွယ်ရန် အခက်အခဲရှိနေသည်ဟု ရှေ့နေများကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မဇိ္ဈမကို ပြော သည်။
“လိုင်စင်သိမ်းခံထားရတဲ့သူတွေထဲမှာ သက်ရှိထင်ရှားရှိနေသူတွေ ရှိတယ်၊ ချင်းပြည်နယ်လို နေရာမျိုးကျ တော့ အလှမ်းဝေးလို့ လက်လှမ်း မမီတဲ့ဒေသတွေဆီ ဆက်သွယ်စာရင်းယူရတာ အဆင်မပြေဘူး၊ ကျွန်တော်တို့က ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတာ၊ ဒေသခံကွန်ရက်ဝင်တွေကတစ်ဆင့် ဆက်သွယ် စာရင်းပေးဖို့ သတင်းပေးထားတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ လိုင်စင် အသိမ်းခံထားရသည့် ရှေ့နေများလိုင်စင်ရရှိရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက်္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်နေသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီမှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လိုင်စင် ရုတ်သိမ်းခြင်းခံထားရသည့် တရားလွှတ်တော် ရှေ့နေ ၂၀၀ ကျော်၏ အမည်နှင့် ဖြစ်စဉ်များကို အသေးစိတ်တင်ပြသွားရန် အထက် မြန်မာနိုင်ငံ ရှေ့နေကွန်ရက် အဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ လွှတ်တော်ဝင်း အတွင်းတွင် ပြောဆိုခဲ့ဖူးသည်။ ထိုသို့ တင်ပြရန်အတွက် ၂၀၁၁ နိုဝင်ဘာလမှစ၍ နိုင်ငံအနှံ့ရှိ လိုင်စင် သိမ်းခံထားရသည့် ရှေ့နေများကို စာရင်းပြုစုလျက်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ နိုင်ငံခရီးစဉ်မှ ပြန်ရောက်လာချိန်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီသို့ တင်ပြသွားမည် ဖြစ်သည်။
ရှေ့နေကွန်ရက်မှ လိုင်စင်ပြန်လည်ရရှိအောင် ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောရှေ့နေများက လိုင်စင်ပြန်လည် လျှောက်ထားရန် ဆန္ဒမရှိဟု နိုင်ငံရေးလှုပ်ရှားမှုကြောင့် လိုင်စင်သိမ်းခံရသူ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
“၁၉၉၀ ခုနှစ်မှာ ထောင်ကျခဲ့တယ်၊ လိုင်စင်လဲ အသိမ်းခံထားရတော့ ပြစ်ဒဏ်နှစ်ခုကို အလိုအလျောက် ကျခံထားပြီး ဖြစ်တယ်။ အမှန်က လိုင်စင်သိမ်းစရာကို မလိုဘူး၊ ပြန်ပေးမယ်ဆိုရင်တော့ ယူပါမယ်၊ ပြန် လျှောက်မှာတော့ မဟုတ်ဘူး” ဟု ပြောသည်။
၁၉၇၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လိုင်စင်သိမ်းခံထားရသူ ရှေ့နေ ၂၀၀ ဦး၏ စာရင်းရရှိထားပြီးဖြစ်ရာ ရန်ကုန်တိုင်း၊ လားရှိုး၊ ကလေး၊ ရွှေဘို၊ ကန့်ဘလူနှင့် မန္တလေးတိုင်းတို့ရှိ လိုင်စင် သိမ်းခံထားရသည့် ရှေ့နေများပါဝင်ပြီး စာရင်းပို့ ထားသူများသည် မန္တလေးတိုင်းမှ အများ ဆုံးပါဝင်သည်။
အဆိုပါရှေ့နေများသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မတော်မလျော်ပြုကျင့်ခြင်း၊ ရှေ့နေကျင့်ဝတ်သိက္ခာဆိုင်ရာ ချိုးဖောက်ခြင်းစသည့် အကြောင်းပြချက်များဖြင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။
နိုင်ငံရေးတွင် ပါဝင်ခဲ့သဖြင့် လိုင်စင် အသိမ်းခံရသူ ရှေ့နေ ၃၀ဦးကို လိုင်စင်ပြန်လည်ပေးအပ်ရန် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက သမ္မတနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြခဲ့ရာ ရှေ့နေ ၁၆ ဦး လိုင်စင်ပြန်လည်ရရှိခဲ့သည်။
No comments:
Post a Comment