ဖြိုး
တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာများ တင်ဆောင်လာသည့် ကား ၁၁ စီးကို မူဆယ်မြို့နယ် အကောက်ခွန် ရုံးက သိမ်းဆည်းထားသည်မှာ သုံးလကျော် ကြာပြီဖြစ်သော်လည်း အဆိုပါကားများကို ပြန်လည်အပ်နှံ ခြင်း မရှိသည့်အတွက် သမ္မတထံ တင်ပြတောင်းခံထားသည်ဟု ကားပိုင်ရှင်များ အဖွဲ့ခေါင်းဆောင် ဦး စိုင်းသိန်းလွင်က မဇ္ဈိမကို ပြောသည်။
ကားများကို ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး သြဂုတ်လ ၂၁ ရက်က ဖမ်းဆီးခဲ့ ပြီး ပစ္စည်းများ သိမ်းဆည်းကာ ကုန်သည်များနှင့် ယာဉ်မောင်းများကို အရေးယူပြီးသော်လည်း ကားများ မှာ သိမ်းဆည်းခံထားရဆဲဖြစ်သည်ဟု ဦးစိုင်းသိန်းလွင်က ဆိုသည်။
ကုန်သည်နှင့် ယာဉ်မောင်းတို့ကို အကောက်ခွန်ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုခဲ့ပြီး ချုပ်ရက် ၅၅ ရက်မှ ချုပ်ဒဏ် တစ်လနှင့် ဒဏ်ငွေတစ်သိန်းကျပ်ကို မူဆယ်မြို့နယ်တရားရုံးက ပြစ်ဒဏ်များ ချမှတ်ပြီးသော် လည်း ကားများကို သိမ်းဆည်းထားဆဲဖြစ်သည်ဟု ဦးသိန်းလွင်က ပြောသည်။
“ကျွန်တော်တို့က ဘာအပြစ်မှ လုပ်ထားတဲ့သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဒါလေးတွေကို မှီခို လုပ်စားနေရတာပါ။ ကိုယ်မှားလို့ ပြန်ရွေးရတယ်ဆိုတာမျိုးကို ကျွန်တော်တို့ ပြန်ရွေးနိုင်ပါတယ်”ဟု ပြောသည်။
“ကုန်စစ်ကွင်းထဲမရောက်ခင် အဖမ်းခံရတာပါပဲ။ ကုန်ပစ္စည်းပိုင်ရှင်မဖော်နိုင်မှ ကားသမားကို အရေးယူရ မှာပါ။ အခုက ပိုင်ရှင်ကိုယ်တိုင်ကလည်း အထောက်အထားအပြည့်အစုံပြရဲ့သားနဲ့ ကျွန်တော်တို့ရဲ့ကား တွေကို အခုထိ ပြန်မပေးသေးတာ”ဟုလည်း ဦးစိုင်းသိန်းလွင်က ပြောသည်။
အချိန်အားဖြင့် သုံးလကျော် ကြာမြင့်နေပြီဖြစ်သဖြင့် ကားပိုင်ရှင်များအဖွဲ့တွင် ငွေကြေးဖြင့် ပြန်ရွေးရပါ က ရွေးမည့် တရုတ်ကားပိုင်ရှင်များနှင့် ရွေးရန် ငွေကြေးမတတ်နိုင်သည့် တိုင်းရင်းသား ကားပိုင်ရှင်များ အဖွဲ့ နှစ်ဖွဲ့ ကွဲနေပြီဖြစ်သည်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အကြား၊ စစ်ဆေးရေးကွင်းသို့ မရောက်မီ တုန်ခံကျေးရွာတွင် မြေဆီ ၄၀ ကီလိုဂရမ်ဝင် အိတ် ၅,၀၀၀ ကို ကားခ တစ်ပိဿာ ၈၀ နှုန်း ဖြင့် တင်ဆောင်လာသော ကား ၁၁ စီး (၂၂ ဘီး ကားတစ်စီးနှင့် ၁၂ ဘီး ကား ၁၀ စီး) ကို စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကားများဖမ်းဆီးခံရခြင်းအတွက် ရှမ်းပြည်နယ် အကောက်ခွန်ဦးစီးမှူးနှင့် သွားရောက်တွေ့ဆုံခဲ့ရာ သယ် ဆောင်လာသည့် မြေဆီများမှာ အမိုနီယမ်နိုက်ထရိတ်ဖြစ်သဖြင့် ဓာတ်ပြုဖောက်ခွဲပါက ဖောက်ခွဲရေးသုံး ပစ္စည်းများဖြစ်သဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိစ္စကို မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးမှူး ဗိုလ်မှူးအောင်သူရသို့ ဆက်သွယ် မေးမြန်းရာ “အဲဒီကိစ္စကို ကျွန်တော်တို့သေချာမသိသလို ကျွန်တော်တို့ဖမ်းတာလည်း မဟုတ်ပါဘူး။ မြို့နယ် အကောက်ခွန်က ထိန်းသိမ်းထားတာပဲရှိပါတယ်၊ နေပြည်တော် ကညနကို ပို့ပြီး လိုင်စင်ရှိ မရှိ စစ်ဆေး နေပါတယ်။ ပြီးရင်တော့ လုပ်ထုံးလုပ်နည်းအရ ဆက်လုပ်နေပါတယ်”ဟု ပြောသည်။
ကားများ ပြန်လည်ရရှိရန် သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဦးအောင်မောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် အကောက်ခွန် ညွှန်ကြားရေးမှူးချုပ်တို့ထံ နိုဝင်ဘာ ၂၈ ရက်က တင်ပြထားသည်။
No comments:
Post a Comment