ကိုတိုးကြီး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာလေဆိပ်ကို အဆင့်မြှင့်တင်ရန်နှင့် ယင်းလေဆိပ်မှ စင်းလုံးဌားလေယာဉ် များပြေးဆွဲ နိုင်ရန်အတွက် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးအပါအ၀င် အစိုးရအဖွဲ့တာဝန် ရှိသူများနှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တို့ နိုဝင်ဘာ ၂၇ရက်က ဆွေးနွေးခဲ့သည်ဟု ယင်းဆွေးနွေးပွဲကိုတက်ရောက် သည့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၀န်ကြီးတစ်ဦးက မဇ္ဈိမကိုပြောသည်။
သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်း အောင်တို့သည် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နှင့် ခ၀ဲကျင်းကျေးရွာအနီးရှိ မုံရွာလေဆိပ်ဧည့်ခန်းမတွင်တွေ့ ဆုံစဉ် ယင်းသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“မုံရွာလေဆိပ်ကနေ အဲဒီလေယာဉ်လေးတွေကို စင်းလုံးငှားပြီး ခရီးသည်တွေ သွားလာနိုင်ဖို့အတွက် လည်း ဆွေးနွေးချက်ထဲမှာပါဝင်ခဲ့ပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေဖြစ်တာကြောင့် ပြည်သူအား လုံးကလည်း ဒီကိစ္စကိုကြိုဆိုကြမှာပါ” ဟု ၎င်းကဆိုသည်။
ဆွေးနွေးကြရာတွင် လေဆိပ်အဆင့်မြှင့်တင်ရေး၊ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးတို့ကိုအပြင် ခရီးသည် ၁၅ ဦးစီးနင်းလိုက်ပါနိုင်သည့် လေယာဉ်ငယ်များကို အသုံးပြု၍ မုံရွာမှ ခန်္တီး၊ ဟုမ္မလင်း၊ ကလေး၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့ နေ့စဉ်သို့မဟုတ် အပတ်စဉ်တိုးချဲ့ပြေးဆွဲပေးနိုင်ရန်ကိုလည်း ဆွေးနွေးခဲ့သည်ဟု အထက်ပါဝန်ကြီးကဆိုသည်။
အဆိုပါ စင်းလုံးငှားလေယာဉ်ကို ဌားရမ်းအသုံးပြုမည်ဆိုပါက ကွင်းတက် ချိန်မှစတင်ကာ တစ်နာရီလျှင် ငှားရမ်းခ ကျပ် ၇၀၀၀၀၀ ခန့် ကျသင့်မည်ဟုလည်း ဆွေးနွေးရာတွင် အကြမ်းဖျင်းဈေးနှုန်း ဆွေးနွေးခဲ့ကြ သည်ဟု မုံရွာလေဆိပ်တာဝန်ခံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ခရီးသွားအသုံးပြုမှုများသော ပြည်တွင်းလေဆိပ် ၃၀ ကိုပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေး မည်ဟုလည်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ၂၀ တွင်ပြောကြား ထားပြီးဖြစ် သည်။ ယင်းသို့ ပုဂ္ဂလိကပေးမည့်လေဆိပ်များထဲတွင် မုံရွာလေဆိပ်လည်းပါဝင်သည်။
ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ်တစ်ခုလုံး လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသည့် နည်းလမ်းကို ဦးစား ပေးမည်ဖြစ်ပြီး လေဆိပ်အလိုက် တည်ဆောက်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် လေဆိပ် ၆၉ ခုရှိပြီး ယင်းတို့အထဲမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်တို့တွင် နေပြည်တော်လေဆိပ်ကို ပုဂ္ဂလိကပေးပြီးဖြစ်ရာ ရန် ကုန်နှင့် မန္တလေးလေဆိပ်တို့အတွက်လည်း ပုဂ္ဂလိကပေးရန် တင်ဒါခေါ်ယူထားပြီးဖြစ်သည်။
No comments:
Post a Comment