Monday, December 2, 2013

မူဆယ်နယ်စပ်တွင် ဆယ်ရက်အတွင်း တရားမဝင် ကုန်စည် ကျပ်သိန်း ငါးဆယ်ဖိုး ဖမ်းဆီးရမိ

ဖြိုး

မန္တလေးတိုင်းဒေသကြီး တရားမ၀င်ကုန်စည် တားဆီးရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) သည် မူဆယ်နယ်စပ်တရားမ၀င် ကုန်သွယ်မှုလမ်းကြောင်းမှ ၀င်ရောက်လာသည့် တရားမ၀င်ကုန်စည်များကို နိုဝင်ဘာလ ၁၉ ရက်မှ စတင်စစ်ဆေးခဲ့ရာ ဆယ်ရက်အတွင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ငါးဆယ်ဖိုးခန့် ဖမ်းဆီးရမိပြီဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးသူက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်မှ ၂၉ ရက်အထိ ဆယ်ရက်အတွင်း အခွန်မဆောင်ဘဲ တရားမ၀င် တင်သွင်းလာသော အေးခဲအသား(အကင်ပစ္စည်းများ)၊ အစားအစာ၊ အ၀တ်အထည်၊ ဟန်းဆက်များ၊ စိုက်ပျိုးရေးဆေးများဖမ်းဆီးရရှိခဲ့ပြီး ၄င်းတို့အားလုံးကို ထုခွဲရောင်းချခြင်းများ မပြုလုပ်ရသေးပေ။

“ဖမ်းဆီးရမိတဲ့တန်ဖိုးက နှစ်ပိုင်းဖြစ်နေတယ်၊ ကားတစ်စီးလုံးဖမ်းမိတာကို ရဲစခန်းကိုအပ်တယ်၊ တရားရုံးကနေ လေလံပစ်တယ်၊ လိုင်းကားပေါ်ကနေ ဖမ်းမိတာဟာမျိုးကျ ပိုင်ရှင်နဲ့ညှိနေတာတွေကျတော့ ဖမ်းပြီးအပ်တယ်၊ အဲဒါကြောင့် လောလောဆယ်မှာ ဖမ်းဆီးရမိတန်ဖိုးက အကြမ်းဖျင်းအနေနဲ့ပဲ ပြောနိုင်သေးတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးသူက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး တရားမ၀င်ကုန်စည် တားဆီးရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့အနေဖြင့် တိုင်းအတွင်းသို့ နယ်စပ်မှ တရားမ၀င်၊ အခွန်ရှောင်ကာ ၀င်ရောက်လာသည့် ကုန်စည်များကို မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်နေရာဖြစ်သော ၀က်ဝံဘူတာအ၀င် ပိတ်ချင်းမြောင်ဂိတ်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ၄င်းက ပြောသည်။

ပို့ကုန်သွင်းကုန်ဥပဒေအရ အများဆုံး ထောင်ဒဏ်အထိ အရေးယူနိုင်မည်ဖြစ်ပြီး ပြစ်ဒဏ်အလိုက် ပစ္စည်းသိမ်း၊ ကားသိမ်း၊ ငွေဒဏ်ချမှတ်ခြင်းနှင့် ထောင်ဒဏ်သုံးနှစ်အထိ အရေးယူနိုင်သည်။

သို့သော် အဆိုပါဥပဒေနှင့် စပ်လျဉ်း၍ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအနေဖြင့် အဆင်မပြေမှုများ ရှိနေပြီး ကုန်စည်ပို့ဆောင်ရေးသက်သက်သာ လုပ်ကိုင်နေသည့်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကြပ်ရိုက်စေကာ၊ ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးစေမည့် အချက်တစ်ချက်ဖြစ်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်က သုံးသပ်ပြောပြသည်။

No comments: