Thursday, December 5, 2013

လယ်မပိုင်သူများ စိုက်စရိတ်ချေးငွေ ရယူနေမှု အရေးယူပေးရန် တိုင်း၊ လယ်/ဆည်ဝန်ကြီးကို ဖိအားပေး

မင်းမင်း

လယ်မြေပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ စိုက်စရိတ်ချေးငွေရနေသူများကို အရေးယူဆောင်ရွက်နေ သည်ဟု ဖြေခဲ့သည့် ဧရာဝတီတိုင်း လယ်/ဆည်ဝန်ကြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌအား အရေးယူခဲ့ပြီးသည့် စာရင်းများ လွှတ်တော်သို့ တင်ပြရန် ဒီဇင်ဘာ ၄ ရက်က တိုင်းလွှတ်တော်အစည်းအဝေးတွင် တွန်းအား ပေး ပြောကြားလိုက်သည်ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ တိုင်းအမတ် ဦးအေးကြည်က မဇ္ဈိမကို ပြောသည်။

“၀န်ကြီးက အရေးယူနေတာတွေ ရှိပါတယ်လို့ ပြန်ဖြေတော့ တကယ်အရေးယူနေတယ်ဆိုရင် အရေးယူတဲ့စာရင်း လွှတ်တော်ကို ခင်ဗျား အသေးစိတ်တင်ပြပါဆိုပြီး ဥက္ကဋ္ဌက ဆုံးဖြတ်လိုက်တာ”ဟု ဦးအေးကြည်က ရှင်းပြသည်။

ဧရာဝတီတိုင်းအတွင်း အမှန်တကယ် လယ်ပိုင်ဆိုင်သူများ ချေးငွေမရဘဲ လယ်ပိုင်ဆိုင်မှုမရှိသည့်သူများကသာ စိုက်စရိတ်ချေးငွေ ရနေသည့်အတွက် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ဒီဇင်ဘာ ၄ ရက်က န၀မ လွှတ်တော် ပုံမှန်အစည်းအဝေး တွင် မေးခွန်းမေးမြန်းခဲ့ရာ ၀န်ကြီးက“အရေးယူနေတာရှိပါတယ်”ဟု ဖြေပြီးခဲ့သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက အထက်ပါအတိုင်း တွန်းအားပေး မေးမြန်းခဲ့ခြင်းဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်သမားများကို ထုတ်ချေးပေးနေသည့် ချေးငွေများကို အမှန်တကယ် လယ်ပိုင်သူများ မရရှိသည်မှာ ၎င်း၏ ငပုတောမြို့နယ်တစ်ခုတည်း၌ပင် လယ်သမားဦးရေ ၆၀ ကျော်ရှိနေသည်ဟု ဦးအေးကြည်က ပြောသည်။

ဒါးက ရွာမှ လယ်သမားဦးမော်မော်စိုးက “တကယ်သာ အရေးယူမယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေ နဲ့ စိုက်/ ဘဏ် ၀န်ထမ်းတွေ တစ်ဝက်လောက် ပြုတ်နိုင်တယ်ဗျာ။ ဒီကိစ္စတွေက နေရာတိုင်းမှာ ရှိနေပါ တယ်”ဟု ပြောသည်။

ချေးငွေထုတ်ပေးသည့် ဘဏ်နှင့် အုပ်ချုပ်ရေးအရာရှိများ၏ မသမာမှုများကြောင့် လယ်မရှိသူများ ချေး ငွေရရှိမှုများရှိသကဲ့သို့ အမှန်တကယ် လယ်ပိုင်ဆိုင်သူများမှာလည်း လယ်ဧကအမှန်အတိုင်း ချေးငွေမရ ရှိသည့် ကိစ္စများ ဖြစ်ပေါ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ချေးငွေရရှိသည့် လယ်သမားများစာရင်းကို ကျေးရွာအလိုက် ထင်သာမြင်သာ ထုတ်ပြန်ပေးရန် ဦးအေးကြည်က တိုင်းလွှတ်တော်တွင် ထပ်မံ မေးခွန်းထုတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်မှစတင်ပြီး အစိုးရက တစ်ဧကလျှင် ကျပ်ငါးသောင်း ထုတ်ချေးပေးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက နွေစပါးစိုက် တောင်သူများအား တစ်ဧကလျှင် ကျပ်ရှစ်သောင်း ထုတ်ချေး ပေးကာ ယခုနှစ် မိုးစပါးရာသီတွင် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ် ၁၀၀ လျှင် အတိုးနှုန်း ပြား ၈၀ ဖြင့် ထုတ်ချေးပေးခဲ့သည်။

အစိုးရချေးငွေဖြင့် စိုက်ပျိုးစရိတ် မလုံလောက်သူများသည် ရပ်ရွာအတွင်း ငွေကျပ် ၁၀၀ လျှင် အတိုးနှုန်း ၁၀ ကျပ်အထက် ချေးယူနေရသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

No comments: