နန်းလွင်နှင်းပွင့်
လာမည့်နှစ်ပတ်အတွင်း အပြီးသတ် စာရင်းပေးပို့ရတော့မည်ဖြစ်သည့်လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီသည် တပ်မတော်နှင့်သက်ဆိုင်သည့် အမှုတွဲ ၄၄ ခုကို အချိန်မီ စိစစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ကော်မတီဝင် ဦးရဲအောင်က ဒီဇင်ဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
၎င်းတို့သည် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ စာရင်းအရ လွတ်မြောက်ရန် ကျန်ရှိနေသေးသူ ၉၀ ဦးထဲမှဖြစ်ပြီး တပ်မတော်နှင့်သက်ဆိုင်သည့် ပုဒ်မများနှင့် ငြိစွန်းနေသဖြင့် အမှုမှန် စိစစ်ဖော်ထုတ် သုံးသပ်ရန် လိုအပ်နေခြင်းဖြစ်သည်။
ယင်းတို့နှင့်စပ်လျဉ်း၍ဆုံးဖြတ်ပေးနိုင်ရန် လူတွေ့မေးမြန်းခြင်းကိုပါ ထည့်သွင်းဆောင်ရွက်ရန် ကော်မတီက စီစဉ်ထားသည်။
“အခုကျန်တာက နှစ်ကြီးတွေ ကျန်မယ်၊ ကိုသံချောင်းတို့ ဗိုလ်ကြီးဝင်းနိုင်တို့ ကျန်မယ်၊ သူတို့တွေကျတော့ တပ်ပြေးတွေ၊ တပ်ပုဒ်မတွေ၊ ပြီးတော့ အခြားသူတွေလည်း လူသတ်မှုပုဒ်မတွေနဲ့ တွဲနေတော့ ပြန် စိစစ်ရဦးမယ်။ တပ်ဘက်နဲ့သက်ဆိုင်နေလား ဆိုပြီးတော့ပေါ့”ဟု ကော်မတီအဖွဲ့ဝင် ကိုသက်ဦးက ပြော သည်။
နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရေးကော်မ တီကို လာမည့် ဒီဇင်ဘာ ၂၁ ရက် နောက်ဆုံးထား စာရင်းပြုစုပေးရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ကတော့တင်တာပဲ၊ နောက်ထပ်ရှိလာမယ့် စာရင်းတွေ၊ အကျဉ်းသားတွေရှိရင်လည်း တင်ဦးမှာပဲ။ အခုက ဒီဇင်ဘာလ ၂၁ ရက်မှာ နောက်ဆုံးပေးရမယ်လို့ ပြောထားတယ်၊ အဲ့နေ့ အစည်းအဝေး မှာ ပြန်ပြောရမှာပေါ့”ဟု ဦးရဲအောင်က ပြောသည်။
ယင်းသည် ယခုနှစ်ကုန်၌ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ မရှိစေရဟု သမ္မတ၏ ထုတ်ဖော်ပြောဆိုခဲ့မှုကို အကောင်အထည်ဖော်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။
No comments:
Post a Comment