ထင်လင်းအောင်
ထားဝယ်အထူးစီးပွားရေးဇုန်၏ ဒေသခံများအား နစ်နာမှုလျော်ကြေးပေးရန် ကျပ်ငွေ ၃၀၇ ဘီလီယံ ကျန်ရှိနေသေးသည်ဟု လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ဒီဇင်ဘာ ၂ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းသို့ ၈၉ ရာခိုင်နှုန်းကျော် ပေးလျော်ရန် ကျန်နေသည်မှာ လျော်ကြေးမယူသူများကျန်ရှိနေခြင်း နှင့် စီမံကိန်းအကောင်အထည်မဖော်သေးသော ကျေးရွာများအား လျော်ကြေးမပေးရသေးခြင်းများကြောင့်ဟု ၎င်းက ဆက်လက်ပြောသည်။
စီမံကိန်းတစ်ခုလုံးအတိုင်းအတာဖြင့် တွက်ချက်ထားသော စုစုပေါင်းပေးလျော်ကြေးမှာ ကျပ်ငွေ ၃၄၀ ဘီလီယံဖြစ်ပြီး လက်ရှိအချိန်အထိတွင် ကျပ်ငွေ ၃၃ ဘီလံသာပေးလျော်ထားဆဲဖြစ်သည်။
အဆိုပါ လျော်ကြေးများမှာ ဒီဇင်ဘာ ၆ ရက်တွင် သတ်မှတ်ခဲ့သည့် ရော်ဘာတစ်ပင်လျှင် ကျပ်တစ်သိန်းနှုန်း နှင့် စားအုန်းဆီတစ်ပင်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ပေးလျော်မှုများအပြင် အီတာလျံ - ထိုင်း ကုမ္ပဏီအနေဖြင့် ညှိနှိုင်းဈေးနှုန်းများဖြင့်ဆောင်ရွက်ခဲ့သည့် ကနဦးလျော်ကြေးများလည်း ပါဝင်သည်ဟုပြောသည်။
ပေးလျော်ထားပြီးသော လျော်ကြေး ၃၃ ဘီလီယံတွင် အီတာလျံ - ထိုင်းကုမ္ပဏီ၏ စီမံကိန်း အတွင်းပိုင်း စိုက်ဧကလျော်ကြေးများနှင့် စီမံကိန်းအပြင်ဘက် ကျောက်တူးဖော်မှုဆိုင်ရာ လျော်ကြေးများအပါ အ၀င် စုစုပေါင်းပိုင်ရှင်ပေါင်း ၁၅၇၅ ဦး မြေဧကပေါင်း ၇၉၉၇ ဒသမ ၈၉အတွက် ကျပ်ငွေ ၃၄၁၅၀ ဒသမ ၉၄ သန်း ပေးလျော်ထားသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်လုပ်ငန်းများ၊ ရပ်ရွာဒေသလူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက် ရေးဒေသဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသည့် ဦးဘုန်းဆွေက ပြောသည်။
ထို့အတူ မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရပူးတွဲ developer ကုမ္ပဏီအဖြစ် တာဝန်ဆောင်ရွက်ခဲ့ပြီးသည့် နောက်ပိုင်း ရပ်ရွာဒေသလူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးဒေသဆိုင်ရာ ဆပ်ကော်မတီအနေဖြင့် တာဝန်ယူပေးလျော်ခဲ့သည့် ပိုင်ရှင် ၅၀၇ ဦး၏ မြေဧက ၂၂၇၂ ဒသမ ၉၇ အတွက် ကျပ်ငွေ ၁၇၀၅၁ ဒသမ ၅ သန်းလည်း ပါဝင်သည်။
လက်ရှိအချိန်တွင် လျော်ကြေးပေးရန်ကျန်ရှိသော ကျပ်ငွေ ၃၀၇ ဘီလီယံကို မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရ ပူးတွဲ developer ကုမ္ပဏီအနေဖြင့် တာဝန်ယူမည်ဖြစ်သော်လည်း လုပ်ငန်းစဉ်အပိုင်းလိုက် ၀င်ရောက်ရင်းနှီး မြုပ်နှံမည့် ကုမ္ပဏီများမှ ပေးလျော်သွားရမည်ဟု ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက မဇ္ဈိမကို ပြောသည်။
စီမံကိန်းတစ်ခုလုံးအတိုင်းအတာအရ ပေးလျော်ရမည့် မြေစုစုပေါင်းမှာ ၄၈၀၀၀ဧက ရှိပြီး လက်ရှိ အချိန်တွင် ၇၉၉၇ ဒသမ ၈၉ ဧကအတွက်သာ ပေးလျော်ထားသည်။
No comments:
Post a Comment