Monday, December 2, 2013

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ထိရောက်စွာပါဝင်နိုင်ရေး တောင်ကြီးတွင်ဆွေးနွေး

ဂျွန်ချစ်ငြိမ်း

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ်၍ “ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းများ ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စိန့်ဂျိုးဇက် အောက်မေ့ဖွယ် ဓမ္မာရုံ ခန်းမ တွင် ဒီဇင်ဘာ ၁ ရက် မှ စတင် ကျင်းပနေသည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခုဖြစ်သော မျိုးဆက်သစ် (ရှမ်းပြည်)မှ ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး မျိုးဆက်သစ် (ရှမ်းပြည်)မှ အဖွဲ့ဝင် ကိုညီညီမိုးက “ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကနေပြီးတော့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဒီပွဲလေးကို ကျွန်တော်တို့ စီစဉ်ရခြင်း ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် အဓိကခေါင်းစဉ် သုံးခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းတို့ကို ဆွေးနွေးသွားမည် ဖြစ်သည်ဟု မျိုး ဆက်သစ်(ရှမ်းပြည်)မှ မီဒီယာ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ယင်းအပြင် ဆွေးနွေးပွဲမှရလာသော ရလဒ်များကို ပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီများ၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို ဖိတ်ကြားဆွေးနွေးမည်ဖြစ်ပြီး ၎င်းတို့၏ အကြံပြုချက်များကို ရယူသွားမည် ဖြစ်သည်။

ကိုညီညီမိုးက “သုံးရက်တာ ဆွေးနွေးပွဲကရလာတဲ့ ရလဒ်တွေကို အစိုးရလူကြီးတွေ၊ ပါတီတွေ၊ အပစ်ရပ် တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ အားလုံးကို ဖိတ်ကြားပြီးတော့ စတုတ္ထမြောက်နေ့မှာ ငြိမ်း ချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ တည်ရှိမှု၊ ပူးပေါင်းဆောင်ရွက် ချက်တွေအပေါ်မှာ သူတို့တတွေရဲ့ အကြံပြုချက်ကို ရယူသွားမှာ ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကရင်နီလူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် လူငယ်တစ်ဦးဖြစ်သူ ကိုကျော်ထင်အောင်က “ငြိမ်းချမ်းရေးဖြစ်စဉ်များ အပေါ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် ပြည်သူ လူထုရဲ့အသံများ၊ နိုင်ငံရေး စကားဝိုင်းများ၊ လူငယ်တွေရဲ့ဆန္ဒ သဘောထားတွေကို အခြေခံပြီး ပင်လုံ စိတ်ဓာတ် အခြေခံတဲ့ တိုင်းရင်းသား တန်းတူညီမျှမှုရရှိမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်နိုင်ပါ တယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့ပြီး ကယား ပြည်နယ်၊ မွန် ပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ ရှမ်းရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက်မှ အရပ်ဘက် လူမှုအဖွဲ့ အစည်ပေါင်း ၁၀၀ ကျော်၊ လူပုဂ်္ဂိုလ် ၁၃၂ ဦးခန့် တက်ရောက် ဆွေးနွေးသည်။

No comments: