Friday, December 6, 2013

ပြင်ရလွယ်သည့်ဖွဲ့စည်းပုံဖြစ်ရန် ၈၈ ကျောင်းသားများအဖွဲ့ အကြံပြုစာပို့မည်

မင်းမင်း

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စု လွှတ်တော်၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ နောက်ဆုံးပတ် အတွင်း အကြံပြုစာ ပေးပို့သွားမည်ဖြစ်ပြီး အနာဂတ်တွင် ပြင်ရလွယ်သည့် ဖွဲ့စည်းပုံဖြစ်ရန် ဆန္ဒရှိသည် ဟု အကြံပြုစာပြုစုရေးအဖွဲ့ဝင် ဦးဂျင်မီက ဒီဇင်ဘာ ၄ ရက်တွင် မဇိ္ဈမကို ပြောသည်။

“ပြုပြင်ဖို့မလွယ်တဲ့ အခြေခံဥပဒေရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ သွေးထွက်သံယိုမှုတွေ၊ လက်နက်ကိုင်ဖြေရှင်း မှုတွေနဲ့ ဖြေရှင်းရတတ်တဲ့ သာဓကတွေ ရှိခဲ့တယ်။ ဒါကြောင့် နောင်လာနောက်သားတွေအတွက် ပြုပြင် ရလွယ်ကူတဲ့ အခြေခံဥပဒေတစ်ခုဖြစ်ဖို့ အကြံပြုမှာပါ”ဟု ဆိုသည်။ ထို့ပြင် တိုင်းရင်းသားများ၏ အခွင့် အရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ပြည်သူတို့၏ စစ်မှန်သည့်ကိုယ်စားပြုမှု ရရှိစေရေးတို့ကိုလည်း ရည် ရွယ်အကြံပြုမည်ဟု ၎င်းက ပြောသည်။

ယခင် စစ်အစိုးရလက်ထက် တပ်မတော်အရာရှိဟောင်းများ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် ကာကွယ်ရေးဦးစီးချုပ်တာဝန်ပေးထားသည့် တပ်မတော်သားတို့ အများဆုံး ပါဝင်နေသည့် ဖွဲ့စည်းပုံလေ့ လာသုံးသပ်ရေး ပူးပေါင်းကော်မတီအနေဖြင့် မည်မျှလုပ်နိုင်မည်ကို ၈၈ တို့က စောင့်ကြည့်သွားမည်ဖြစ် သည်။

“လွှတ်တော်က ဘယ်လောက် အလုပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာ စဉ်းစားမယ်”ဟု ကိုဂျင်မီက ရှင်းပြသည်။

ပူးပေါင်းကော်မတီသည် အကြံပြုစာများကို ဒီဇင်ဘာလကုန်အထိ လက်ခံသွားမည်ဖြစ်ပြီး ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ရရှိလာသည့် အကြံပြုမှုများကို စုစည်း၍ လွှတ်တော်သို့ အစီရင်ခံရမည် ဖြစ်သည်။

လက်ရှိ အခြေခံဥပဒေကို နိုင်ငံတကာကလည်း ပြင်ဆင်ရခက်ခဲသည့် ဖွဲ့စည်းပုံတစ်ခုအဖြစ် သတ်မှတ် ပြောဆိုထားကြခြင်း ဖြစ်သည်။ ယင်းသည် လက်ရှိ သုံးနေသည့် အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်းအခန်းကို ရည်ညွန်းပြောဆိုခြင်းဖြစ်သည်။

အဆိုပါအခန်းပါ ပြဋ္ဌာန်းချက်များအရ အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ဥပဒေကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ပြီး ယင်းကို ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ထောက်ခံမှ သာလျှင် လွှတ်တော်က လက်ခံဆွေးနွေးခွင့် ရမည်ဖြစ်သည်။ ထို့နောက် အရေးကြီးသည့် ပုဒ်မ ၉၈ ခုကို ပြင်လိုလျှင် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူရမည် ဖြစ်သည်။

ထို့ပြင် ယင်းတို့ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ မဲပေးခွင့်ရှိသူအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့်သာ အတည်ပြုနိုင်မည်ဖြစ်သည်။ ကျန်ဖွဲ့စည်းပုံပုဒ်မ ၃၈၃ ခုကို ပြင်ဆင်လိုလျှင်မူ ကိုယ် စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီချက် လိုအပ်သည်။

No comments: