Tuesday, December 3, 2013

မှန်ကန်သည့် စီးပွားရေးမူဝါဒများ ချမှတ်နိုင်ရန် နိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများကို စစ်တမ်းကောက်မည်

သီဟကိုကို

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အခြေအနေအမှန်ကို သိရှိနိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Survey on Myanmar Business 2013-14 Project အကောင်အထည်ဖော်ပြီး စီးပွားရေးစစ်တမ်းများ ကောက်ယူသွားမည်ဟု မြန်မာနိုင်ငံကုန်သည်၊စက်မှုအသင်းချူပ်၏ ဗဟိုအလုပ်အမှုဆောင်များက ပြောသည်။

နိုင်ငံတော်အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် အထောက်အပံ့ ရရှိရန်နှင့် စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို ခြုံငုံသုံးသပ်နိုင်ရန် အတွက်စစ်တမ်း ကောက်ခံရခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ၏ အခြေအနေအမှန် စစ်တမ်းအဖြေများ ထွက်ရှိလာပါက ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရး အသိုင်းအ၀န်းဝင်ရောက်လာချိန်တွင် မည်သည့်ကဏ္ဍအား အားပေးသင့်သည်ကို သိရှိနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သည်၊စက်မှုအသင်းချူပ် ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “AEC (အာဆီယံစီးပွားရေးအသိုင်းအ၀န်း)လာတော့မယ့်အချိန်မှာ နိုင်ငံတော်အစိုးရက ဘယ်ကဏ္ဍတွေကို အားပေးဆောင်ရွက်ရမလဲဆိုရင် ကိန်ဂဏန်း အချက်အလက်တွေ အတိအကျနဲ့ ဘယ်ကဏ္ဍကိုတော့ အလေးပေးသင့်တယ်ဆိုတာမျိုး ချပြလို့ ရနိုင်တာပေါ့“ ဟု ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းအခြေအနေများကို အခွန်ဆိုင်ရာကိစ္စရပ်များကြောင့် အမှန်အတိုင်းပြောရန် ခက်ခဲလေ့ရှိရာ ယခုကောက်ခံမည့် စစ်တမ်းအတွက်သာ အသုံးပြုမည်ဖြစ်ပြီး မည်သည့်ကိစ္စရပ်များတွင်မှ အသုံးမပြုဟု အာမခံသည်ဟု ယင်းပရောဂျက်၏ တာဝန်ရှိသူများက ပြောသည်။

Survey on Myanmar Business 2013-14 Project ၏ Executive Director ဦးအောင်ခင်မြင့်က မြန်မာ့စီးပွားရေးလုပ်ငန်းများသည် မည်သည့်အခြေအနေ ရောက်ရှိနေသည်ကို မသိကြသည့်အပြင် မိမိအားနည်းချက်၊ အားသာချက်ကိုလဲ မသိသဖြင့် AEC လာမည့်အချိန်တွင် အစိုးရမှ အားပေးမှုရရှိရန် မှန်ကုန်တိကျသော ကောက်ချက်ကို မဆွဲနိုင် ဖြစ်နေသည်။ လက်ရှိ စစ်တမ်းကောက်သည့် အချိန်တွင် လုပ်ငန်းရှင်များက လုပ်ငန်းအခြေအနေမှန်ကို ပြောပြပြီး ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံတော်အစိုးရက မှန်ကန်သော နည်းဗျူဟာ၊ မူဝါဒများ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။

“အတတ်နိုင်ဆုံး အမှန်ပြောမှသာ မှန်ကုန်တဲ့ ဆုံးဖြတ်ချက်တွေ မူဝါဒတွေ ချနိုင်မယ်၊ နှစ်ပေါင်းများစွာ စီးပွားရေး ပေါ်လစီတွေဟာ ဘယ်အခြအနေတွေကိုမှ အခြေမခံခဲ့တဲ့အတွက် တချို့ပေါ်လစီတွေဟာ လမ်းခုလတ်မှာ ပျောက်သွားရတာတွေ ဖြစ်ခြဲ့ပီးပြီ”ဟု ပြောသည်။

စီးပွားရေးအကြံပေး ဦးတင်သန်းဦးက “ဒီလိုမျိုးစစ်တမ်းကောက်တာကနေပြီး ဘယ်လို SME လုပ်ငန်းမျိုးကို ပံ့ပိုးနိုင်မလဲဆိုတာ ဆွဲထုတ်လို့ရမယ်၊ SME လုပ်ငန်းတွေကအများကြီးပဲ။ နိုင်ငံအတွက် အကျိုးရှိမဲ့ SME လုပ်ငန်းကို Develop လုပ်ဖို့က ဒီလို စစ်တမ်းကောက်တာကနေ ထွက်လာမှာ၊ မှန်မှန်ကန်ကန်နဲ့တိတိကျကျလုပ်ရင် နိုင်ငံနဲ့ လုပ်ငန်းရှင်တွေပါ အကျိုးများမယ့် ကိစ္စပါ “ဟု ပြောသည်။

အဆိုပါစစ်တမ်းအား ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ကာ သုံးလကြာ ကောက်ခံမည်ဖြစ်ပြီး ၂၀၁၄ ဇွန်နှင့် ဇူလိုင်တွင် ရလဒ်ကို ထုတ်ပြန်နိုင်မည်ဖြစ်သည်။

အသေးစား၊ အလတ်စားလုပ်ငန်းများ (SME )အပါအ၀င် လုပ်ငန်းအမျိုးအစားကြီးများအထိ စစ်တမ်းတွင် ပါဝင်သွားမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍအားလုံးကို ခြုံငုံနိုင်သည်အထိ စီစဉ်ဆောင်ရွက်ထားပြီး မြန်မာနိုင်ငံရှိ မြို့ကြီး ၂၅ မြို့တွင် ဆောင်ရွက်ရန် လျာထားသည်ဟု Survey on Myanmar Business 2013-14 Project ၏ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖြစ်ရာ နိုင်ငံဖွံဖြိုးတိုးတက်ရန်အတွက် SME လုပ်ငန်းများမှာ အဓိကဖြစ်သော်လည်း ယင်းလုပ်ငန်းများ၏ အခြေအနေအမှန်ကို မသိရှိဘဲနှင့် နိုင်ငံတိုးတက်ရန်ဆောင်ရွက်၍မရဟု ဦးဇော်မင်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ စက်မှု၊ကုန်သည်အသင်းချုပ်နှင့်The Organization for Economic Co-operation and Development (OECD)တို့မှ ပူးပေါင်းကာ ယင်းပရောဂျက်အတွက် စစ်တမ်းကောက်သွားမည်ဖြစ်ပြီး ဂျပန်အစိုးရ၊ Korea Development Institute (KDI)၊ GIZ၊ Swiss Agency for Development၊ Asian Foundation တို့မှ ငွေကြေးပံပိုးပေးမည်ဖြစ်ပြီး ရံပုံငွေ ပမဏကိုမူ ရံပုံငွေထပ်မံရရှိရန်ရှိသည့်အတွက် ပြောကြားခြင်း မရှိသေးပေ။

No comments: