Monday, December 2, 2013

သီလ၀ါအထူးစီးပွားရေးဇုန် အတွင်းပိုင်းဆောက်လုပ်ရေး ကန်ဒေါ်လာ ၁၅၀ မီလီယံ ရင်းနှီးမည်

ထင်လင်းအောင်

သီလ၀ါအထူးစီးပွားရေးဇုန် SEZ ကနဦးမြေဟက်တာ ၄၀၀ အပိုင်း(က) ဆောက်လုပ်ရေး အကောင် အထည်ဖော်ရာတွင် ဇုန်အတွင်းပိုင်းအဆောက်အအုံတည်ဆောက်မှုများအတွက် ကန်ဒေါ်လာ ၁၅၀ မီလီယံကျော်ခန့်ရင်းနှီးမြှုပ်နှံမှုရှိမည်ဟု ဇုန်ကော်မတီဥက္ကဋ္ဌဦးဆက်အောင်က နိုဝင်ဘာ ၃၀ ရက်က သန်လျင်မြို့နယ်တွင်ကျင်းပသော သီလ၀ါအထူးစီးပွားရေးဇုန်ဖွင့်ပွဲတွင် မဇ္ဈိမကို ပြောသည်။

ဇုန်အပိုင်း(က) အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဇုန်အတွင်းပိုင်း နှင့် ဇုန်ပြင်ပအခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းစီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားဆောင်ရွက်မည်ဖြစ်ပြီး ဇုန်တွင်း အခြေခံ အဆောက်အအုံစီမံကိန်းတစ်ခုတည်းကိုပင် ကန်ဒေါ်လာ ၁၅၀ မီလီယံ ရင်းနှီးမြှုပ်နှံမှုရှိမည်ဟု ပြော သည်။

ထိုသို့ ဇုန်အတွင်းပိုင်းဆောက်လုပ်ရေးစီမံကိန်းများကိုမူ ဂျပန်ဘက်က Mitsubishi, Marubeni နှင့် Sumitomo စသည့် ကုမ္ပဏီသုံးခုပါဝင်သည့် (JTSC) နှင့် မြန်မာဘက်ကကုမ္ပဏီ ၉ ခုဖြင့် ဖွဲ့စည်းထား သော (MTSH) ကုမ္ပဏီတို့၏ ရင်းနှီးမြုပ်နှံမှုကဏ္ဍဖြင့် ဆောင်ရွက်မည်ဟု ပြောသည်။

ဦးဆက်အောင်က “ဇုန်တွင်းအခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း ၁၅၀ လောက်ရှိမှာပါ။ ဒါပေမဲ့ ဇုန်ပြင်ပဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ဆိပ်ကမ်း၊ လမ်းတံတားတွေ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပေါင်းလိုက်ရင်တော့ အများကြီးဖြစ်သွားမှာပေါ့” ဟု ပြောသည်။

ဇုန်ပြင်ပ ဆောက်လုပ်ရေးစီမံကိန်းများတွင်မူ ဆိပ်ကမ်းဆောက်လုပ်ခြင်း၊ လမ်းတံတားတည်ဆောက် ခြင်း၊ စွမ်းအင်ပေးဝေမှုစီမံချက်များ ဆောင်ရွက်ခြင်းများ ပါဝင်မည်ဖြစ်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှု ကုန်ကျ စရိတ်များကိုမူ ဂျပန်အစိုးရ၏ ချေးငွေများဖြင့် တည်ဆောက်မည်ဟု ဆက်ပြောသည်။

ယင်းအထူးစီးပွားရေးစီမံကိန်းကိုလည်း အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC စတင်ပါဝင်မည့် ၂၀၁၅ ခုနှစ်အမီ လည်ပတ်နိုင်ရန် ဆောက်လုပ်သွားမည်ဟု ဦးဆက်အောင်က ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအပါအ၀င် လုပ်ထုံးလုပ်နည်းဆိုင်ရာများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူမျာအတွက် စိုးရိမ်မှုရှိနေစေသေးသောကြောင့် သီလ၀ါအထူးစီးပွားရေးဇုန်၏ အကောင် အထည်ဖော်ဆောင်မှုသည် ဂျပန်ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရေးအတွက် အရေးပါမည်ဟု ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး မစ္စတာရာချီဟီကို အီဆိုဟာကီက ဖွင့်ပွဲတွင် ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းမှာ မြေဟတ်တာ ၆၀၀၀ ကျော်ရှိပြီး ယင်းအားအပိုင်းသုံးပိုင်းခွဲကာ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ရာ အဆိုပါ မြေဟတ်တာ ၄၀၀မှာ စီမံကိန်းအပိုင်း (က)အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၌ ဂျပန်ကုမ္ပဏီပေါင်း ၁၂၁ ကုမ္ပဏီရှိပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများ အနက် အဆင့် ၁၁ နေရာတွင် ရပ်တည်နေလျက်ရှိသည်။

No comments: