Thursday, December 5, 2013

SME များကိုငွေချေးရန် SMIDB ဘဏ် စင်ကာပူမှ ကျပ်ငွေသန်း၂၀ ရယူမည်

ထင်လင်းအောင်

အသေးစားနှင့်အလတ်စားလုပ်ငန်း SME များအား ချေးငွေထုတ်ပေးနိုင်ရန် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMIDB ဘဏ်က ကျပ်ငွေသန်း၂၀ ကို စင်ကာပူအခြေစိုက် ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုထံမှ ရယူရန် သဘောတူညီမှုရရှိပြီးဖြစ်သည်ဟု ဘဏ်ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်း ကပြောသည်။

ချေးငွေရယူရေးအတွက် ဗဟိုဘဏ်သို့ စာချုပ်မှုကြမ်းတင်ပြထားပြီး ပြန်ကျလာပါက လာမည့်နှစ်ဇန်န၀ါရီ လအတွင်း စင်ကာပူအဖွဲ့အစည်းနှင့် SMIDB ဘဏ်တို့အကြား သဘောတူညီမှုစာချုပ်ကို အပြီးသတ် ဆောင်ရွက်မည်ဟု ဆက်ပြောသည်။

လက်ရှိအချိန်တွင် ချေးငွေရရှိရန် SME များက လျှောက်လွှာ အစောင်ရေ ၂၀၀ ကျော်ခန့် တင်ထားသော် လည်း ချေးပေးရန် ငွေလုံလောက်မှုမရှိဟု ဒေါက်တာသန်းထွန်းကပြောသည်။

ရရှိလာမည့် ပြည်ပချေးငွေကိုမူ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် လုပ်ငန်းရှင်များကို ပြန်လည်ထုတ် ချေးပေးသွားမည်ဖြစ်ပြီး ပြည်ပမှမူ အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ရယူမည်ဖြစ်သည်။

ပြည်တွင်း SME လုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အသေးစားနှင့်အလတ်စား လုပ်ငန်း ဗဟိုဌာန ၂၀၁၄ ခုနှစ် ဧပြီလမှစတင်ပေါ် ပေါက်လာပြီး ဗဟိုဌာန၏တိုက်တွန်းချက်အရ SMIDB ဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် အစိုးရထံမှ ကျပ် ငွေ ၁၀ သန်းအား အပေါင် ပစ္စည်းထားကာ အတိုး ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ချေးယူ၍ှSME လုပ်ငန်းများအား အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ထုတ်ချေးနေသည်။

ဒေါက်တာသန်းထွန်းက “နိုင်ငံတော်ကနေ ချေးထားတာက အားလုံးကျပ် သန်း ၃၀ ပါ။ ရထားပြီးဖြစ်တဲ့ ၁၀သန်းကို ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အပေါင်ပစ္စည်းထားရတယ်။ ကျန်တဲ့ သန်း ၂၀ ကိုတော့ အပေါင် မထားဘဲ ချေးပေးဖို့ တင်ပြတာကို အကြောင်းမပြန်တဲ့အတွက် ဒီအတိုင်း ရပ်ထားရတယ်။ ဒါကြောင့် ပြည်ပချေးငွေတွေရအောင် ဆောင်ရွက်နေတာပါ” ဟု ပြောသည်။

ပြည်ပမှချေးငွေအတိုးနှုန်း သက်သာစွာဖြင့်ရရှိပါက ပြည်တွင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ အား လက်ရှိအတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း အောက်လျော့ကျသည့် အတိုးနှုန်းများဖြင့် ထုတ်ချေးနိုင် ရန် စီစဉ်သွားမည်ဟု နိုဝင်ဘာလ ၆ ရက်တွင် SME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနရုံး၌ကျင်းပသော လုပ် ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးအောင် က ပြောထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ် ပေးသည့် ဘဏ်မှာ SMIDB ဘဏ် တစ်ခုတည်းသာ ရှိသော်လည်း ပေါင်နှံပစ္စည်းကိုပြရပြီး ဘဏ်ချေး ငွေရရှိရေး ဆောင်ထားရာတွင်လည်း လုပ်ငန်းစဉ်အဆင့်များစွာဖြစ်နေခြင်းကြောင့် အခက်အခဲများရှိ သည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက မကြာခဏ ပြောဆိုလျက်ရှိသည်။

ပဲခူးတိုင်းအနောက်ခြမ်းမှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထက်ထက်က “ဗီယက်နမ်မှာကြည့်ရင် ပြည်တွင်း ဆန်တင်ပို့မှုလုပ်ငန်းတွေကို SME လုပ်ငန်းတွေက ဦးဆောင်တာတွေ့ရတယ်။ နိုင်ငံက လည်း SME လုပ်ငန်းတွေအတွက် အတိုးနှုန်းသက်သာတဲ့ချေးငွေတွေ ဥပဒေတွေနဲ့ကာကွယ်ပေးထား တဲ့အတွက် လုပ်ကိုင်ဖို့ ပိုပြီးအားရှိတယ်။ ကျွန်တော်တို့ဆီက SME တွေက လုပ်ငန်းလည်ပတ်ဖို့ ငွေ ကြေးအရင်းအနှီးရဖို့ဆိုတာ အရမ်းခက်ခဲနေတယ်” ဟု ဒီဇင်ဘာ ၆ ရက်ကUMFCCI တွင် ပြုလုပ်သည့် ဆန်စပါး ဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြောသည်။

လက်ရှိအချိန်တွင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဘဏ်ချေးငွေ စတင်ပြီးနောက် ချေးငွေရရှိထား သော လုပ်ငန်းရှင်မှာ ၆၂ ဦးသာ ရှိသေးသည်။

No comments: